ကြောက်လန့်စိတ်တွေကြား ရှင်သန်နေရတဲ့ မုန်လိုင်ခက် စစ်ရှောင်ကလေးတွေ

112

ကြောက်လန့်စိတ်တွေကြား ရှင်သန်နေရတဲ့ မုန်လိုင်ခက် စစ်ရှောင်ကလေးတွေ

(အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့ ဆောင်းပါး)

မိုင်းနီရေးသားသည်။

သွက်သွက်လက်လက်ရှိတဲ့ အဆွတ်တစ်ယောက် အရင်ကနဲ့ မတူတော့ဘဲ အမြဲတမ်းလိုလို ကြောက်လန့်နေတတ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပေါင်း ၃၀ ကျော်လောက်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးနောက်ပိုင်း အသံတစ်ခုခုကြားတာနဲ့ အဆွတ်ဟာ တုန်လှုပ်နေလေ့ရှိတယ်လို့ သူ့ရဲ့မိဘတွေက ပြောပါတယ်။

အသက် ၂ နှစ်အရွယ် အဆွတ်ဟာ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ မုန်လိုင်ခက်ကျေးရွာက စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ညက မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ ထင်မှတ်မထားတဲ့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

တိုက်ပွဲကြောင့် နေရပ်ကိုစွန့်ခွာပြီးနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြင်းအားကြီးတဲ့ ပေါက်ကွဲမှုကြောင့် မုန်လိုင်ခက် စစ်ရှောင်စခန်းနေရာဟာ အနက်ပေ ၃၀ လောက်နဲ့ ဘောလုံးကွင်း ၂ ကွင်းစာလောက်အထိ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ပေါက်ကွဲအားပြင်းတဲ့ လက်နက်ကြီးကျရောက်မှုကြောင့် မိမိကိုယ်ကိုယ် သေပြီလို့တောင် မျက်စိစုံမှိတ်ထင်ခဲ့တယ်လို့ ဒီအဖြစ်အပျက်ကို ကြုံတွေ့ခံစားခဲ့ရသူတွေက ပြောပြပါတယ်။

စစ်ကောင်စီက လိုင်ဇာဒေသဘက်ကို လက်နက်ကြီးတွေ မကြာခဏပစ်ခတ်လေ့ရှိပေမဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးလောက် ပြင်းအားကြီးပြီး ပေါက်ကွဲသံကျယ်လောင်တာမျိုးတော့ စစ်ရှောင်ပြည်သူတွေ မကြုံခဲ့ရဖူးပါဘူး။

ပြင်းအားကြီးတဲ့ လက်နက်ပေါက်ကွဲမှုနဲ့ ထိခိုက်ပျက်စီးမှုတွေကြားက ရှင်သန်လွတ်မြောက်လာသူတွေကတော့ အဲဒီညသူတို့ ကြုံတွေ့ခဲ့ရတာ မြင်တွေ့ခံစားခဲ့ရတာတွေကို မေ့ပျောက်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသံ ကျယ်လောင်လွန်းတဲ့အတွက် အဲဒီဖြစ်စဉ်နောက်ပိုင်း မုန်လိုင်ခက်စစ်ရှောင်ပြည်သူတွေဟာ ထစ်ခနဲဆိုရင်ကို ကြောက်လန့် နေတတ်ကြပါပြီ။

“အခု ကလေးအများစုက လူကြီးနဲ့ မခွဲရဲဘူး။ နည်းနည်းလေး အသံမြည်တာနဲ့ ဘယ်သူ့မိဘပဲဖြစ်ဖြစ် လူကြီးတွေဆီ တိုးဝင်ပြီး အော်ငိုတာတွေလည်း ရှိနေသေးတယ်။” မုန်လိုင်ခက်စစ်ရှောင်မှာ နေထိုင်တဲ့ ကလေးမိခင်တစ်ဦးက စစ်ရှောင်စခန်းမှာ လက်ရှိမြင်နေရတဲ့ အဖြစ်ပျက်တွေကို ပြောပြပါတယ်။

ဒီလိုကြောက်လန့်နေလေ့ရှိတဲ့သူတွေထဲမှာ အဆွတ်တစ်ယောက်ကလည်း အပါအဝင်ဖြစ်ပြီး ဒီဖြစ်ရပ်မဖြစ်ပွားခင်က ခန္ဓာကိုယ် ပြည့်ပြည့်ဝဝနဲ့ သွက်လက်တဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကြုံတွေ့ရပြီး နောက်မှာတော့ တစ်ယောက်တည်း ငိုင်တွေနေလေ့ရှိပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ တစ်လကျော်ရှိလာပေမဲ့ အဆွတ်တစ်ယောက် မမေ့နိုင်သေးပါဘူး။ ဖြစ်ရပ်နောက်ပိုင်းမှာလည်း စစ်ကောင်စီက ထပ်မံပစ်ခတ်တဲ့ လက်နက်ကြီး အသံတွေကြားရတိုင်း အဆွတ်ဟာ တုန်လှုပ်ခြောက်ခြားလေ့ရှိတယ်လို့ သူ့ရဲ့ ဖခင်က ပြောပြပါတယ်။

“အခုတော့ သူကအမြဲတမ်း ကြောက်တဲ့စိတ်ဖြစ်နေတာ။ နည်းနည်းလေး ဖြစ်ရင်ကို လန့်နေတာ။” လို့ဆိုပါတယ်။

အဆွတ်တင်မကပါဘူး။ လက်နက်ကြီးသံတွေကြားရတိုင်း အသံတောင်မထွက်တဲ့အထိ ငိုနေတတ်တဲ့ ကလေးတွေလည်း ဒီဖြစ်ရပ်နောက်ပိုင်းမှာ ရှိလာပါတယ်။

ဒီလိုထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တွေကြုံတွေ့ရတဲ့နောက်ပိုင်း လူကြီးတွေလိုပဲ ကလေးတွေလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုခံစားရတဲ့ အတိုင်းအတာပမာဏမှာ လူကြီးတွေနဲ့ သိပ်ကွာခြားတာမရှိတတ်ဘဲ ဖော်ပြတဲ့ပုံစံသာ ကွာခြားတယ်လို့ ဆိုပါတယ်။

ထိတ်လန့်စရာ ဖြစ်ရပ်မျိုးကြုံတွေ့ရပြီးတဲ့နောက် စိတ်ဖိစီးမှုခံစားရတဲ့ ကလေးတွေဟာ ညဘက် အိပ်မပျော်တာ ၊ အိပ်မက်ဆိုးတွေမက်ပြီး ခဏခဏလန့်နိုးတာ၊ အုပ်ထိန်းသူကို ပိုတွယ်ကပ်လာတာနဲ့ တစ်ခုခုဆိုရင်ကြောက်လန့်နေတတ်ကြတယ်လို့ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို တယ်လီကျန်းမာနဲ့ တိုင်ပင်ဖော်စိတ်ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်နေတဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန် တစ်ဦးက အခုလိုပြောပြပါတယ်။

“စိတ်ဖိစီးတဲ့အခါမှာ ကလေးတွေက အိပ်ပျော်ဖို့ခက်ခဲတယ်။ တစ်ခုခုဖြစ်မှာကို စိုးရိမ်စိတ်ပူနေတတ်တယ်။ တအားငယ်တဲ့ကလေးတွေမှာဆိုရင် သူ့ကို ပြုစုစောင့်ရှောက်တဲ့သူကို တအားတွယ်ကပ်တယ် အပျောက်မခံဘူး။” လို့ ဆိုပါတယ်။

အဆွတ်လိုပဲ ဒီဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတဲ့ အသက် ၃ နှစ်ကျော်အရွယ် ကလေးတစ်ဦးဟာဆိုရင်လည်း ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ကနေ ညဘက်တွေဆိုရင် မအိပ်တော့တာ၊ ချောင်မှာ တစ်ယောက်တည်း ငေးငိုင်နေတာနဲ့ ငိုယိုတာတွေရှိနေပါတယ်။

အရင်က ဂျီမကျ မငိုတတ်တဲ့ ကလေးက ဒီဖြစ်ရပ်နောက်ပိုင်း အရင်ကလို ထိန်းရတာ မလွယ်ကူတော့တာမျိုးနဲ့ ပုံမှန်ပြောဆိုပြုမှုနေနိုင်တဲ့ ကလေးတွေဆိုရင်လည်း ဒီလိုဖြစ်စဉ်တွေကြုံရပြီးနောက်ပိုင်း လက်ရှိအသက်ထက်ငယ်တဲ့ ကလေးတွေအတိုင်း မရင့်ကျက်တဲ့ အပြုအမူ ပြုမူတတ်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးသံတွေ ကြားရပြီဆိုရင် တစ်ခုခုဖြစ်မှာ စိုးရိမ်နေတတ်ပြီးတော့ သူတို့အနားမှာပဲ နေပေးဖို့ပြောတာနဲ့ လူကြီးနားမှာပဲ တွယ်ကပ်နေတတ်တယ်လို့ မုန်လိုင်ခက်စစ်ရှောင်စခန်းက မိခင်တစ်ဦးကလည်း သူ့ကလေးတွေရဲ့ အခြေအနေကို ပြောပြပါတယ်။

“တလောက လက်နက်ကြီး ဆက်တိုက်ပစ်ရင်တောင် အမေရယ် ဒါက ဘယ်လိုမှနေလို့မရဘူး ပြေးရအောင် အဲဒီလိုပြောတာတွေရှိတယ်။ အချိန်ပြည့်ကို အတူရှိပေးနေရတာ သူတို့ရဲ့ စိတ်လုံခြုံမှုက နည်းနည်းတောင်မရှိသေးဘူး။” လို့ ပြောဆိုပါတယ်။

ကလေးတွေတင်မကပါဘူး။ ဒီအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတဲ့ လူကြီးတွေဆိုရင်လည်း လေယာဉ်တက်လာပြီဆိုတဲ့ စကားသံကြားတာနဲ့ကို ကြောက်လန့်နေတတ်တဲ့အပြင် အမှတ်မထင် ဖုန်းသံထမြည်လာရင်တောင် လန့်နေတတ်ပါတယ်။ လက်နက်ကြီးသံ ကြားပြီဆိုရင်လည်း ဆောက်တည်ရာမရနဲ့ မိမိရဲ့ကလေးတွေကို လိုက်ရှာ အော်ခေါ်နေတတ်ကြတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

အမှတ်တမဲ့ ဝုန်းကနဲ ကားတွေဖြတ်လာရင်တောင်မှ ရင်တုန်နေလေ့ရှိသလို ဒီအဖြစ်အပျက်နောက်ပိုင်း ခဏခဏဆိုသလို မေ့တတ်တာနဲ့ နမော်နမဲ့ဖြစ်နေတတ်တဲ့ အထက်ပါကလေးမိခင်က သူ့ရဲ့အဖြစ်အပျက်ကိုလည်း ပြောပြပါတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေက အသက်မရွယ်မရွေး ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်ဆိုးမှာ မြင်ခဲ့ကြားခဲ့ရတာ ခံစားခဲ့ရတာတွေကို မမေ့နိုင်ဘဲ ထပ်တလဲလဲ ပြန်ခံစားနေရတဲ့အခါ လက်ရှိ ဖြစ်ရပ်တွေနဲ့ ကင်းကွာတတ်လာတယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ဖြစ်ရပ်ကို ကြုံတွေ့ခံစားလိုက်ရတဲ့အတွက် အဲဒီဖြစ်ရပ်ရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေ ကျန်နေခဲ့တာပါ။

သာမာန် စိတ်ဖိစီးစရာကြောင့် တစ်ပတ်လောက် စိတ်လှုပ်ရှားတာနဲ့ စိုးရိမ်ထိတ်လန့်တာမျိုးက ပုံမှန်ဖြစ်ပေမဲ့လို့ တစ်ပတ်ကနေ တစ်လကြာ နှစ်လကြာလည်း မပျောက်နိုင်ဘဲ အိပ်မက်ဆိုးတွေမက်ပြီး အိပ်ပျော်ဖို့ခက်လာတာ ဒီဖြစ်ရပ်ကို ပြန်လည် တွေးကြောက်နေတာမျိုးတွေက ပြင်းထန်စိတ်ဒဏ်သင့်ဝေဒနာ ခံစားရတာမျိုးတွေ ဖြစ်လာတတ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက ပြောပါတယ်။

လုံလောက်တဲ့ ပံ့ပိုးကူညီမှုတွေ မရရှိတဲ့အခါ ဒီလိုခံစားနေရတဲ့သူတွေဟာ နိစ္စဓူဝ ပြုလုပ်နေကျအရာတွေနဲ့ ကင်းကွာတတ်လာတာ စိတ်ဓာတ်ကျတာတွေ ရှိလာတတ်ပါတယ်။

ဒါကြောင့် ဒီလိုဖြစ်ရပ်တွေနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ခံစားသွားရတဲ့သူတွေကို ကူညီစောင့်ရှောက်ပေးဖို့ စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုပေးခြင်းဆိုတဲ့ ကြည့်ပါ၊ နားထောင်ပါ၊ ချိတ်ဆက်ပါဆိုတဲ့ အခြေခံမူ ၃ ခုကို သိကျွမ်းထားဖို့ လိုအပ်တယ်လို့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်တွေနဲ့ UNICEF က တိုက်တွန်းထားပါတယ်။

လူကြီးတွေဟာ စိတ်ဖိစီးမှုခံစားရရင် ခံစားချက်ကို ဖော်ပြတတ်ပေမဲ့ ကလေးတွေကတော့ သူတို့ရဲ့ခံစားချက်ကို ကောင်းကောင်းမဖော်ပြတတ်ကြတဲ့အတွက် သူတို့ရဲ့ အခြေအနေကို သိရှိနိုင်ခက်ခဲပါတယ်။

ကလေးတွေအတွက် ကစားတာက စိတ်သက်သာရာရစေတဲ့အတွက် စိတ်သက်သာရာရစေဖို့ သူတို့နဲ့အတူ ဝင်ကူညီပြီးကစားပေးတာ အချိန်အခါလိုက်ပြီးတော့ သူလိုအပ်တဲ့အရာတွေကို လုပ်ဆောင်ပေးတာနဲ့ ကိုယ်နဲ့ စကားပြောဖို့ ချဉ်းကပ်လာတဲ့အခါ ငြင်းဆန်တာမျိုးမလုပ်ဖို့လိုတယ်လို့ အထက်ပါ စိတ်ကျန်းမာရေး အထူးကုဆရာဝန်က ပြောပါတယ်။

“ကလေးဘာဖြစ်နေလဲဆိုတာကို စိတ်ဝင်စားရမယ်။ ကလေးနဲ့ အချိန်ပေးပြီး ကစားတာ ၊ အဲဒါသည် ကလေးအတွက် ဆေးပဲ။ ကလေးနဲ့ အချိန်ပေးပါ။ ကလေးစကားပြောဖို့ ချဉ်းကပ်လာပြီဆိုရင် လုံးဝမငြင်းဆန်ပါနဲ့။ ကလေးပြောနေတဲ့ စကားရဲ့ ဆိုလိုရင်းကို နားလည်ဖို့ကြိုးစားပါ။”

ကလေးခံစားနေရတာတွေ ကြောက်လန့်နေတာတွေကို ကိုယ့်ဘက်က နားလည်တယ်ဆိုတဲ့ အပြုအမူ ချစ်ခြင်းမေတ္တာတွေ ပြသပေးဖို့လိုအပ်သလို ကလေးနဲ့ အတူနေတဲ့ အချိန်အတောအတွင်း ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။

ကလေးတွေဟာ စိတ်ဖိစီးမှုများပြီး အကျပ်အတည်းကြုံရတဲ့အချိန် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာသိဖို့အတွက် လူကြီးတွေရဲ့ အပြုအမှုတွေနဲ့ စိတ်ခံစားချက်တွေကို စောင့်ကြည့်တတ်တယ်လို့ UNICEF Myanmar ရဲ့ စာတမ်းမှာတွေ့ရပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ အဆင်မပြေမှု ဒေါသတွေကို ကလေးပေါ်မှာ ပုံချအပြစ်တင်တာမျိုးနဲ့ ကိုယ့်ရဲ့ ပူပန်သောက ဝမ်းနည်းနာကျင်တာတွေကို တတ်နိုင်သမျှ ကလေးရှေ့မှာ ထိန်းသိမ်းဖို့ လိုအပ်တဲ့အပြင် စိတ်ရှည်ဖို့နဲ့ စိတ်လိုက်မာန်ပါပြောဆိုရိုက်နှက်တာတွေ လုံးဝမလုပ်ရဘူးလို့ ဆရာဝန်က ဆိုပါတယ်။

စိတ်ဖိစီးနေတဲ့ ကလေးတွေကို ကူညီစောင့်ရှောက်ပေးချင်တယ်ဆိုရင် ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေဖို့လည်း လိုအပ်ပါတယ်။ ကိုယ်တိုင် စိတ်မကျန်းမာရင် ပိုပြီးစိတ်ဖိစီးရသလို စိန်ခေါ်မှုတွေ များတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် စိတ်ဖိစီးတဲ့အခါ ဘာတွေခံစားရတတ်လဲဆိုတွေကို နားလည်ထားဖို့နဲ့ ကြံ့ခိုင်ဖို့လိုအပ်ကြောင်းလည်း အထက်ပါဆရာဝန်က တိုက်တွန်းထားပါတယ်။

ဆိုးရွားတဲ့ထိခိုက်မှုတွေကနေ အကာအကွယ်ရပိုင်ခွင့်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်အပြင် မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေး ဥပဒေတွေမှာ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေဟာ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့အတွက် သူတို့ကို အန္တရာယ်ကင်းစွာ ကာကွယ်ပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ထားဖို့ လိုတယ်လို့ UNICEF က ဆိုပါတယ်။

မုန်လိုင်ခက်ဖြစ်စဉ်နောက်ပိုင်း စစ်ရှောင် ပြည်သူတွေကတော့ ဘယ်နေမှာမှ လုံခြံမှုရှိတယ်လို့ မခံစားရတော့ပါဘူး။ စစ်ရှောင်ပြီး နေထိုင်နေတဲ့နေရာမှာ အခုလိုမျိုး ကြုံတွေ့ခံစားရတဲ့အတွက် မပြောပြတတ်အောင် ခံစားနေကြရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် သားသမီးတွေကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တွေရှိသလို မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေရှိခဲ့ပါတယ်။

မုန်လိုင်ခက်စစ်ရှောင်စခန်းဟာ ပြန်လည်နေရာချထားပေးတဲ့ နေရာဖြစ်ပြီး အိမ်ခြေ ၁၆၈ အိမ် ၊ လူဦးရေ ၈၀၀ ကျော်ရှိပြီး အယောက် ၃၀၀ လောက်က ၁၈ နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။ သူတို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက နမ်ဆမ်နဲ့ မိုင်ဆပ်ပါ တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက စစ်ရှောင်လာကြတဲ့သူတွေဖြစ်ပါတယ်။

မုန်လိုင်ခက် ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီကနေ လိုင်ဇာမြို့ဘက်ကို လက်နက်ကြီးတွေ လျှောက်ပစ်ခတ်နေတဲ့အတွက် ကလေးတွေအနေနဲ့ ကျောင်းပုံမှန် တက်ရောက်နိုင်တာလည်း မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာခွဲလောက်က အဖြစ်အပျက်ကြောင့် အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးခဲ့ရပြီး အယောက် ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ညက လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသက ဗုံးကြဲခံရတဲ့ဖြစ်စဉ် တစ်နှစ်ပြည့်လမှာပဲ စစ်ကောင်စီက ဒီလို လုပ်ရပ်မျိုးကို ထပ်မံကျူးလွန်လိုက်တာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here