စစ်ကောင်စီက ဖမ်းဆီးသွားသည့် ဒွမ်ဂမ်ရွာသား ဦးဒွမ်ဂန်နန်တော်ကို ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆို

243
ဒွမ်ဂမ်ရွာသား ဦးဒွမ်ဂန်နန်တော်

အောက်တိုဘာ၊၁၄

တန်ဖရဲ စစ်ကောင်စီတပ်ရင်းက တပ်သားနှစ်ဦး ဖမ်းခံရပြီးနောက် စစ်ကောင်စီကနေ ပြန်လည် ဖမ်းဆီးသွားတဲ့ ဒွမ်ဂမ်ကျေးရွာ ဒေသခံ ဦးဒွမ်ဂန်နန်တော်ကို မနေ့ အောက်တိုဘာလ (၁၃) ရက်နေ့က ပထမဆုံးရုံးချိန်း ယမန်ပေးပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဦးဒွမ်ဂန်နန်တော်ကို ဖမ်းဆီးပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောရေးမှာ တစ်လနီးပါး ချုပ်ထားပြီးတော့ မနေ့က မြို့နယ်ရဲစခန်း အမှတ် (၁) ရဲစခန်းကို ပို့ဆောင်ပြီး ဒီကနေ့မှာ ပထမဆုံး ရုံးထုတ်ယမန်ယူတာ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကိုပြောပါတယ်။

အဓိက ကတော့ ဖုန်းထဲက အချက်အလက်တွေနဲ့ တရားစွဲတာပေါ့။ KIA နဲ့ ဆက်သွယ်တယ်ဆိုပေမယ့် သူကဘာသာရေး အသင်းတော်ကနေ ခန့်ထားတဲ့ မြို့မိမြို့ဖ တစ်ယောက်လေ။ ကိစ္စတစ်ခုခုဖြေရှင်းရင် ဘယ်ဖက်က ဖုန်းနံပါတ်မဆို ရှိရမှာပဲလေ “ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက်နေ့ညနေပိုင်းမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ဆုံသွားလမ်းပေါ်က ဒွမ်ဂမ်ကျေးရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ်သား နှစ်ဦးက ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့အချိန် ရွာသားတွေက ဖမ်းဆီးခဲ့ပြီး အဲဒီစစ်ကောင်စီတပ်သားနှစ်ဦးကို ဦးဒွမ်ဂန်နန်တော်က ရွာသားတွေနဲ့ ညှိနှိုင်းပေးခဲ့ပါတယ်။

ညှိနှိုင်းပေးမှုကြောင့် အဆင်ပြေပြီ ဖြစ်တဲ့အချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ အဲဒီ စစ်သားနှစ်ဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် စက်တင်ဘာလ (၁၉) ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးဒွမ်ဂန်နန်တော်နဲ့တကွ ကျေးရွာဒေသခံ (၉) ဦးကို ဖမ်းဆီးသွားတာပါ။

ဒေသခံ (၉) ဦးပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ဦးဒွမ်ဂန်နန်တော်ကို ဆက်လက်ဖမ်းဆီးထားခဲ့ပြီး အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့ ဒွမ်ဂန်ကျေးရွာဒေသခံတစ်ချို့ကိုလည်း စစ်ကောင်စီ (၃၇) တပ်ရင်းကနေ ပြန်လည်ခေါ်ယူ မေးမြန်းတာတွေ လုပ်နေပြီးတော့ လိုအပ်ရင် ပြန်လည်ခေါ် ယူမေးမြန်းမှာ ဖြစ်ကြောင်း ပြောဆိုထားတယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးဆီကနေ သိရပါတယ်။

မနေ့ကတောင် နှစ်ယောက်ကို ထပ်ခေါ်သေးတယ်။ သူတို့နှစ်ယောက်က တောင်ပေါ်ကို အလုပ်လုပ်ဖို့ ခရီးထွက်သွားတော့ မသွားလိုက်ဘူး။အရင်က ပြောထားတဲ့ဟာတွေ မှန်မမှန်၊ ဘယ်လိုထွက်ဆိုထားတယ် ဆိုတာကို ပြန်မေးတာ” လို့ပြောပါတယ်။

ဦးဒွမ်ဂန်နန်တော်မှာ သားသမီး (၃) ယောက်ရှိပြီး အသက်ကြီးပြီဖြစ်တဲ့ ဖခင်နဲ့တကွ မိသားစုကို ကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦး ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here