မြစ်ကြီးနားက ငရဲခန်း

0
78
မြစ်ကြီးနားက ငရဲခန်း

အရုဏ်ဦးစ နံနက်ခင်း ငါးနာရီ။

“ထမယ်၊ ထမယ် မင့်မေလင်အိမ် မဟုတ်ဘူး၊။ ဒါထောင်ရောက်နေတာ။ ထကြ ထကြ” ဆိုသည့် တာဝန်ကျ၏ ကျယ်လောင်သည့် အော်သံက အိပ်သည့်နေရာကနေ ကိုအောင်အား အတင်းတွန်းထုတ်လိုက်သည်။

အိမ်မှာဆို ဒီအချိန်ထမည် မဟုတ်သေး။ မီးများ ထိန်ထိန်ငြီးနေသည့် သူတို့ အိပ်ဆောင်မှ ဝင်းအပြင်သို့ လှမ်းကြည့်လိုက်ချိန် မနက်ခင်းက လင်းလင်းရှင်းရှင်းမရှိ၊ အမှောင်ထုက စိုးမိုးနေတုန်းပင်။

အိပ်နေရာက ထသည်နှင့် လေးပင်နေ၍ မရသည်ကို ကိုအောင်နှင့် အတူနေ အဆောင်က လူတွေ အကုန်သိသည်။ နာရီဝက်အတွင်း အပေါ့စွန့်၊ မျက်နှာသစ်၊ ပြီးလျှင် လူစစ်ရန် တန်းထိုင်ရမည်။

“တန်းထိုင်”ဆိုသည့် အသုံးအနှုန်းကို လူတိုင်း ကြားဖူးမည်ဟု မထင်။ အဘယ်ကြောင့်ဆိုသော် ထိုအသုံးအနှုန်းသည် ထောင်၊ အကျဉ်းထောင်များမှာသာ သုံးသည့် သီးသန့် အသုံးအနှုန်းပင် ဖြစ်သည်။

အကျဉ်းထောင်နေ လူများအတွက် တန်းထိုင်ရသည်က တစ်နေ့တည်း ကိစ္စမဟုတ်၊ နိစ္စဓူဝကိစ္စ။ တာဝန်ဟု သူတို့ ခေါ်သည့် ဖိနှိပ်မှု တစ်ခုဟု ဆိုနိုင်သည်။

တန်းထိုင်ရသည့် အလုပ်က သက်တောင့်သက်သာ မဟုတ်။ အိပ်ဆောင်တွင် ငါးယောက်တစ်တွဲ ဆောင့်ကြောင့် မလှုပ်မယှက် ထိုင်ရသည်။ စကားလုံးဝ ပြောခွင့်မရှိ။ လာမစစ်မချင်း ပုံစံမပျက် တန်းထိုင်ရသည်က နာရီဝက်ကနေ တစ်နာရီလောက် အထိ။ စစ်ပြီးရင် တန်းဖြုတ်၊ အိပ်ဆောင်တံခါး ဖွင့်ပေးချိန်ကို ဆက်ပြီး စောင့်ဆိုင်းကြရသည်။

အသက် (၂၇) နှစ်အရွယ် ကိုအောင်အတွက် ယခုလို အတွေ့အကြုံက သိပ်ပြီး မစိမ်းတော့။ စစ်တပ် အာဏာသိမ်းခြင်းကို မလိုလားသည့်အတွက် ဆန့်ကျင်ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီခံခဲ့ရပြီး မြစ်ကြီနားအကျဉ်းထောင်ထဲတွင် နေခဲ့ရသည်ကပင် လနှင့်ချီပြီး ရှိနေပြီ။

ကိုအောင်ဆိုသည်က နာမည်ရင်းမဟုတ်ပါ။ သူ၏ ထောင်တွင်းအတွေ့အကြုံများကို ပြောပြချိန် သူ့လုံခြုံရေးအတွက် နာမည် ပြောင်းပြီး ဤ‌ဆောင်းပါးမရေးမီ သဘောတူညီမှု ရှိခဲ့သည်။

မြစ်ကြီးနားအကျဉ်းထောင်ထဲတွင် (၇) လနီးပါး အကျဉ်းကျခံခဲ့ရသည့် ကိုအောင်အတွက်  အကျဉ်းထောင်အတွင်း နေ့စဉ်ဖြတ်သန်းရပုံကို ပြန်ပြောင်း ပြောပြနေချိန်တွင် မနက်စောစော ထသည့်အချိန်စားရသည့် ဆန်ပြုတ်ခေါ် ထမင်းပြုတ်ရည်အကြောင်းက ချန်ခဲ့ရန် မဖြစ်နိုင်ခဲ့။

အိပ်ဆောင်ဖွင့်သည့် အချိန်တွင် မီးဖိုကြီးမှ အဆောင်တိုင်းအား ရေနွေးအိုးတစ်အိုးနှင့် အသားမပါ၊ ဆားမပါ ဆန်ပြုတ်တစ်အိုး ပို့ပေးသည်။

အရည်ကျဲကျဲ ထမင်းပြုတ်ရည်ကို အလုအယက်စားသောက်ပြီးလျှင် နေ့ခင်းစာဟင်းလျာကို မီးဖိုလေးတွင် ချက်ခိုင်းနိုင်ရန်အတွက် ပြင်ဆင်ရသည်။  ရိုးရိုးချက်ခိုင်း၍ ရသည်တော့မဟုတ် အဖိုးအခ ပေးရသည်။ ဟင်းတစ်ခါချက်ရန် အဖိုးအခက ကော်ဖီနှစ်ထုပ်။

ထောင်ထဲမှာက ပိုက်ဆံမလိုဘူးဗျ။ အဓိက ကော်ဖီရှိရင်ရပြီ။ ကော်ဖီနဲ့ဆိုကြိုက်တာဝယ်လို့ရတယ်” ဟု ကိုအောင်က ပြောသည်။

ထောင်ထဲတွင်ကျွေးသည့် ဟင်းသည် မနက်ပိုင်းတွင် ကုလားပဲဟင်းရည်နှင့် ညနေပိုင်းတွင်တာလဘော ဟင်းရည်သာ ဖြစ်သည့်အတွက် ဟင်းကိုမိမိဘာသာ ပြင်ဆင်ရသည်။

ချက်စရာဟင်းများကို မိသားစုများမှ ပို့ပေးသည့် ထောင်ဝင်စာတွင်ပါလာသော ခေါက်ဆွဲခြောက်ထုပ်များ၊ ဆီ၊ ဆား၊ ခရမ်းချဥ်သီးများ၊ အသားကြော်များ စသည့်တို့ကို ဟင်းချက်ရန် ပြင်ဆင်ရသည်။ လိုအပ်သည့် ကုန်စိမ်းများကိုမူ ထောင်ထဲတွင် ရောင်းပေးသည်။

မနက် (၉) နာရီနှင့် (၁၀) နာရီကြားတွင် မီးဖိုကြီးမှ ထမင်းနှင့် ဆားမထည့်ထားသော ကုလားပဲဟင်းရည် အရည်ကျဲကျဲ ပို့ပေးသည်ကို အလှည့်ကျတန်းစီစောင့်ယူပြီး နေ့လယ်စာ စားကြရသည်။

အကျဉ်းထောင်အတွင်း စားရသည့် ထမင်းသည် ဆန်မာကို ဆော်ဒါ ထည့်ချက်ထားသည့်အတွက် အစာအိမ် ရောဂါရနေသူများ စားသုံးရန် မသင့်တော်ကြောင်း ကိုအောင်ကပြောသည်။

နေ့လယ်ခင်း (၁၁) နာရီတွင် အိပ်ဆောင်ပြန်ပိတ်သည်။ အိပ်ဆောင်ဖွင့်ချိန်နှင့် ပိတ်ချိန်များတွင် တန်းထိုင်ရသည်။ ပြီးလျှင် အကျဉ်းထောင်က ချမှတ်ထားသည့် စည်းကမ်းချက် (၆) ချက်ကို ဆိုရသည်။

၁။ မူးယစ်ဆေးဝါးမသုံးစွဲရ။

၂။ သူများပစ္စည်းမခိုးရ။

၃။ အချင်းချင်းရန်မဖြစ်ရ။

၄။ဆေးလိပ်မသောက်ရ။

၅။ လိင်တူဆက်ဆံခြင်းမပြုရ။

၆။ ဘုတ်ခေါင်း အသီးသီးစကားနားထောင်ရမည်။ ဟူသည့်အချက်များကို အကျဉ်းကျနေသူ အားလုံး ဆိုကြရသည်။ ကိုအောင်ကတော့ ယင်းစည်းကမ်းချက်များသည် ထောင်တွင်း လက်တွေ့နှင့် ကိုက်ညီမှု တစ်ချက်မျှ မရှိဟု ဆိုသည်။

“ပြောရမယ်ဆိုရင် သူများပစ္စည်းမခိုးရဆိုပြီး ပစ္စည်းပျောက်တဲ့သူက ရန်ရှာတယ်။နားငြီးတဲ့သူက ဆဲတယ် ရန်ဖြစ်တယ်။ ခဏခဏပဲ။ ဆေးလိပ်မသောက်ရတွေ ပြောခိုင်းပြီး တကယ်တော့ သူတို့ ထောင်အရာရှိတွေကိုယ်တိုင် အထဲသွင်းပြီး ဈေးအဆမတန် တင်ရောင်းတာ” ဟု ကိုအောင်က ခပ်ဖွဖွရယ်သံဖြင့် ပြောသည်။

ကိုအောင်က သူတို့နေရသည့် အိပ်ဆောင် ပုံစံတွေကို ပြောပြသည်။ ကြက်မွေးမြူရေးခြံနှင့် ပုံစံတူသည့် စုစုပေါင်း (၈) ဆောင်ခန့်ရှိပြီး တိုက်ပိတ်ခန်းများ၊ အနောက်တိုက်များ၊ ဆေးရုံဆောင်များစသဖြင့် ရှိကာ  နိုင်ငံရေးအကျဉ်းသားများကို တိုးချဲ့ဆောင်တွင် ထားသည်။

နိုင်ငံရေးအကျဉ်းသားများတွင် အင်ဂျင်နီယာ၊ ရှေ့နေ၊ နိုင်ငံရေးပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရေးဆရာများ၊ ပွဲစား၊ ဈေးသည်၊ သတင်းထောက်၊ NGO (Non-Government Organization) ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ကျောင်းအုပ်ကြီးများ၊ လက်လုပ်လက်စားများ စသဖြင့် လူမျိုးစုံရှိပြီး၊ စိတ်မနှံ့သူများနှင့် ပိုလီယိုကြောင့် ခြေ၊ လက်မသန်စွမ်းခဲ့သူလည်း ပါဝင်သည်။

ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက် မသန်ဘဲ လမ်းလျှောက်လျှင်ပင် ထော့နဲ့နဲ့နှင့် လျှောက်နေရသူကို အာဏာသိမ်းမှုအား ဆန့်ကျင့်ဆန္ဒပြသည့်အတွက် စစ်ကောင်စီက ဖမ်းထားခြင်းဖြစ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများကိုမူ သီးသန့်တိုက်ပိတ်ခန်းထဲတွင် ထားသည်။ တိုက်ပိတ်ခန်းဆိုသည်မှာ အလုံပိတ်တိုက်ခန်း အသေးဖြစ်ပြီး တစ်ခန်းလျှင်တစ်ယောက်စီ သီးသန့် ထားရှိခြင်း ဖြစ်သည့်အပြင် အိပ်ဆောင်ဖွင့်ချိန်တွင်သာ သူတို့အချင်းချင်းတွေ့ရသည်။ အဆိုပါတိုက်ခန်းသည် နိုင်ငံရေးသမားများကို ထားရှိသောအဆောင်နှင့် ဝေးသည်။

အိပ်ဆောင်ပိတ်ချိန်များတွင် အကျဉ်းသားများသည် TV ကြည့်၊ ကျားကွက်ထိုး၊ အိပ်၊ စကားဝိုင်းဖွဲ့ပြော၊ စာအုပ်ဖတ် စသဖြင့် ကိုယ်စိတ်ပါရာလုပ်ကြပြီး နေ့လယ် (၂) နာရီတွင် အိပ်ဆောင်ပြန်ဖွင့်ပေးသည်။

ညနေပိုင်း အိပ်ဆောင်ပိတ်သည်နှင့် တစ်ပြိုင်နက် မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် ဘုရားရှိခိုးသံများသည် အဆောင်တိုင်းမှ မြိုင်ဆိုင်စွာ ထွက်ပေါ်လာကာ ထိုအချိန်များသည် ထောင်အတွင်း စိတ်အချမ်းသာရဆုံး အချိန်ဟုပင်ပြောလို့ရပြီး ည (၉) နာရီအရာက်မှာတော့ ငြီးငွေ့စရာကောင်းသည့် မနက်ဖြန်ကို စောင့်ဆိုင်းရင်း အိပ်စက်ရသည်။

အကျဉ်းထောင်သည် ညဘက်တွင်လည်း မီးထိန်ထိန် လင်းနေတတ်သည်။ အကျဉ်းသားအချင်းချင်း ထွက်ပြေးရန် ကြံစည်မှုများ မဖြစ်ပေါ်ရန်နှင့် ထောင်ဝါတာများ ကင်းလှည့်ချိန်တွင် အိပ်ဆောင်အတွင်းဘက်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် မီးများကို ဖွင့်ထားခြင်းဖြစ်သည်။

ယင်းအပြင်  ညနေ (၆)နာရီမှ မနက် (၅) နာရီအထိ အကျဉ်းသားများထဲမှ နှစ်ယောက်တစ်တွဲဖြင့် တစ်တွဲလျှင် နှစ်နာရီစီ အိပ်ဆောင်အတွင်း တာဝန်ယူကင်းစောင့်ရခြင်းမျိုးလည်း ရှိသည်။

ထောင်ဝင်စာ

နိုင်ငံတော် (စစ်ကောင်စီ) မှပေးသော ဟင်းလျာများသည် ကုလားပဲနှင့် တာလဘော (ကန်ဇွန်းရွက်နဲ့ ချဉ်ပေါင်ရွက် ပေါင်းချက်ထားသည့်ဟင်း) ဟင်းရည်သာ ဖြစ်သည့်အတွက် အကျဉ်းထောင်ထဲတွင် အဓိက မျှော်လင့်ရသည်မှာ မိသားစုများထံမှ ပို့ပေးသည့် ထောင်ဝင်စာသည်သာ အဓိက ဖြစ်သည်။

  ထောင်ဝင်စာမလာရင် ဘာမှစားစရာ မရှိဘူး။ ပေးတဲ့ဟင်းကလည်း အာဟာရ မရှိဘူးလေ။ တချို့ပတ်သက် (ခင်မင်သူအချင်းချင်း ခေါ်သောထောင်စကား) သူတွေဆို ထောင်ဝင်စာမလာတော့ သူများအဝတ်လျှော်ပေး၊ နှိပ်ပေးတာတွေလုပ်ပြီး သုံးစရာ၊ စားစရာတွေရှာရတာ” ဟု ကိုအောင်က ထောင်ဝင်စာ မရောက်ရှိသူများ၏ အခြေအနေကို ပြောပြသည်။

ထောင်ဝင်စာတွင် ဖန်ပုလင်းပါသည့်အရာများ၊ မီးလောင်လွယ်သည့် အရာများ၊ မူးယစ်စေတတ်သည့် အရာများ၊ စတီးဖြင့်ပြုလုပ်ထားတဲ့သည့်ပစ္စည်းများ ထည့်ပေးခွင့်မရှိသည့်အပြင် ဆေးဝါးတွင်လည်း တိုင်းရင်းဆေးဝါးတချို့မှအပ တခြားဆေးဝါးများ ထည့်ခွင့်မရှိပေ။

အသီးအနှံများမှာလည်း (ပန်းသီး၊ စပျစ်သီး၊ သရက်သီး စသဖြင့်) အနည်းငယ်သာ ထည့်ခွင့်ရှိသည်။   အပတ်တိုင်း တနင်္ဂနွေနေ့တွင် ထောင်ဝင်စာ ပိတ်သည်။ ထောင်ဝင်စာတွင် အဓိကအရေးကြီးဆုံးသည် ကော်ဖီထုပ် ဖြစ်သည်။ ကော်ဖီထုပ် အရေးအကြီးဆုံးဟု ဆိုသော်ငြားလည်း ပိုက်ဆံသည်လည်း အရေးကြီးသည်ဟုဆိုသည်။

“အကျဉ်းသားတွေဆီက ရနိုင်တဲ့ နည်းလမ်းမှန်သမျှကနေ ယူပြီး  ဘာတစ်ခုမှ သူတို့ကနေ လုပ်ပေးတာမရှိဘူး။ အကျဉ်းသားတွေကိုတော့ ပိုက်ဆံဘယ်လောက်ပဲ ကိုင်ရမယ်ဆိုတာ မသတ်မှတ်ထားပေမယ့် ထောင်ဝင်စာ ပိုက်ဆံကောက်တာကအစ မှောင်ခို ရေသူမဆေးမှုန့်ထုပ် ရောင်းတဲ့အထိ သူတို့လုပ်တာ” ဟု ကိုအောင်က အကျဉ်းထောင်ဝန်ထမ်းများ၏ အခြေအနေကို ပြောပြသည်။

မိသားစုများထံမှ ပို့ပေးသည့် ပိုက်ဆံများအား အပတ်စဉ်သောကြာနေ့တွင် ထုတ်ပေးလေ့ရှိသည်။ ပိုက်ဆံထုတ်ပေးရာတွင်လည်း (၁၀) ရာခိုင်နှုန်းယူသည် (ဥပမာ ပိုက်ဆံတစ်သောင်းလျှင် တစ်ထောင်ကျပ်)။ ထောင်ဝါတာများ အိပ်ဆောင်ရှာဖွေရေးလုပ်သည့် အချိန်တွင် မိမိပိုက်ဆံကို ကိုယ်ကိုယ်တိုင်ကိုင်ဆောင်ထား ရသည်။

“ ရှာဖွေရေးလုပ်တဲ့အချိန်မှာ အကျဉ်းသားတွေအကုန်လုံး အိပ်ဆောင်အပြင်ကို ထွက်ပေးရတာ။ အဓိက ကအိပ်ယာကို စစ်တာပေါ့။ သူတို့ရောင်းပေးတဲ့ ဆေးမှုန့်ထုပ်တွေ၊ မီးခြစ်တွေ ၊ ဇွန်းဓားတွေ၊ ကြိုးအရှည်တွေ တွေ့ရင်အကုန်သိမ်းတယ်။ ပိုက်ဆံတွေ့ရင် ပိုက်ဆံပါသိမ်းတယ်။ ပြီးမှ လူကိုပြန်စစ်တာ။ လူမှာဆိုရင်တော့ ပိုက်ဆံမသိမ်းဘူး” လို့ ကိုအောင်က ထောင်တွင်းအခြေအနေကို ရှင်းပြသည်။

ထောင်တွင်းကုန်ဈေးနှုန်းများ

ထောင်တွင်းကုန်ဈေးနှုန်းများသည် အပြင်ဈေးများထက် ဆယ်ဆခန့် ဈေးကြီးသည်။ ဆေးပေါ့လိပ်များအစား ရေသူမ ဆေးမုန့်ထုပ် ရောင်းချပြီး တစ်ထုပ်ကို ပြင်ပဈေးတွင် ကျပ်နှစ်ရာလောက်သာ ပေးရသော်လည်း ထောင်ထဲတွင် ကျပ်တစ်သောင်းအထက်ဖြင့် ပေးဝယ်ရသည်။ ရေသူမဆေးမှုန့်ထုပ်သည် ၅ ကျပ်သားခန့်ရှိ ဆေးရွက်ကြီးအထုပ်ဖြစ်ပြီး ထောင်အတွင်း စက္ကူဖြင့်လိပ်ကာ ဆေးလိပ်အစားထိုး သောက်သုံးကြသည်။

ကွမ်းယာတစ်ထောင်ဖိုးလျှင် ငါးယာသာ ရသည်။ မီးခြစ်ဆံ တစ်ခုလျှင် တစ်ထောင်ပေး ဝယ်ရသည်။ ဝယ်ချင်တိုင်းလည်း ဝယ်လို့ မရ၊ ခက်ခဲသည်။ ခရမ်းချဉ်သီးတစ်ထောင်ဖိုး သုံးလုံး၊ မီးခြစ်တစ်လုံး ငါးထောင်အထက်(မှောင်ခိုဝယ်ရသည်)၊ ဘောပင်၊ စာအုပ်တစ်ခုလျှင် တစ်ထောင် စသဖြင့် ပစ္စည်းဈေးနှုန်းများသည် ပြင်ပဈေးထက် အဆပေါင်းများစွာ မြင့်တက်နေသည်။

အစာအိမ်ရောဂါရှိသူများ အနေဖြင့် ထမင်းမှာစားရာတွင် တစ်လလျှင် တစ်သိန်းဝန်းကျင် ပေးဆောင်ရသည်။

ဤဈေးနှုန်းများသည် ကိုအောင် အကျဉ်းထောင်ထဲတွင် ရှိစဉ်က ဈေးနှုန်းများ သာဖြစ်ပြီး ယခုချိန်တွင် ဈေးနှုန်းများ ပိုမိုမြင့်တက်နိုင်သည်။

ကျန်းမာရေးနှင့်ကုသမှု

အကျဉ်းထောင်ထဲတွင် အဓိကအားဖြင့် ပွေးနှင့်ယားနာ အဖြစ်များသည်။ ယင်းအပြင် လေဖြတ်၊ လေဖြန်း အကြောထုံခြင်းများလည်း အများဆုံးဖြစ်တတ်သည်။ ဖျားနာပြီး ဆေးခန်းသွားခွင့်ရှိသော်လည်း မည်သည့် ပုံစံဖြင့် ဖျားဖျား ပါရာစီတမော သာပေးသည်။

တစ်ခါတစ်လေတွင် ရက်လွန်နေသည့် ဆေးများပေးတတ်ပြီး ဆေးပြတ်သည့် အချိန်များတွင် ဆေးခန်းသွားခွင့်မရှိပေ။ အကျဉ်းထောင်ထဲတွင် HIV/AIDS ရောဂါရှိသူများကို သီးသန့်ခွဲထားခြင်းမရှိ။ သေရေးရှင်ရေးအထိ ဖျားနာသည့် လူနာများရှိလျှင်ပင် များသောအားဖြင့် ပြင်ပဆေးရုံများသို့ ဆေးကုသခွင့်မရှိသည့်အတွက် အသက်ဆုံးရှုံးလိုက်ရသည့် အကျဉ်းသားများလည်း အမြောက်အများရှိသည်။ ထို့ကြောင့် ထောင်ထဲတွင် မိမိကျန်းမာရေး မိမိဂရုစိုက်ရန် အလွန်အရေးကြီးသည်။

“ကျွန်တော်မှတ်မိသေးတယ်။ သူက ကျန်းမာရေးမကောင်းတာကြာပြီ။ ဒါပေမယ့် အပြင်ဆေးရုံကို မပြပေးကြဘူး။ အဲဒီတစ်ယောက်က မနက်ပိုင်းမှာ ဆုံးသွားပြီ။ အဲဒီလိုနဲ့ ကျွန်တော်တွေ့တာတောင် ငါးယောက်လောက် ရှိပြီ။ ဒါကသူတို့ရဲ့ အားနည်းချက်ပေါ့။ လူတွေရဲ့အသက်ကို ပေါ့ပေါ့တန်တန်ပဲ တွေးကြတာဗျာ”ဟု ကိုအောင်က ထောင်တွင်း မြင်တွေ့ခဲ့ရသည့် အခြေအနေကို ပြောပြသည်။

ညဘက်အချိန်မှ မနက်မိုးလင်းသည်အထိ မီးပိတ်ခွင့်မရှိသည့်အပြင် အိပ်ရာမဝင်မီ မီးပြတ်အချိန်များမှာ ကိုယ့်အိပ်ရာတွင် လှဲနေရပြီး  မီးစက်နှိုးသည့်အချိန်ထိ စကားပြော ခွင့်မရှိပဲ နေနေရသည်မှာ အကျဉ်းထောင်၏ ထုံးစံ တစ်ခုပင်ဖြစ်သည်။

ကိုအောင် ထောင်က လွတ်ခဲ့သည်မှာ ယခုဆို ငါးလကျော်ပြီ။ သို့သော်လည်း ထောင်တွင်းခံစားရသည့် စိတ်ခံစားမှုက ပြန်စဉ်းစားချိန်တိုင်း ရင်ထဲ တနုံ့နုံ့။ အာဏာရှင်များ၏ လူ့အခွင့်အရေးချိုဖောက်မှုများက အထင်းသား။

မိမိလွတ်မြောက်လာသော်လည်း ကျန်ခဲ့သူမျာ ခံစားနေရမည့် အကြောင်းများအား ကိုအောင် မစဉ်းစားဘဲ မနေနိုင်။

“ထောင်ထဲမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အများစုက လူငယ်တွေ ဖြစ်နေတယ်။ ကျောင်းတက်ပညာ ရှာရမယ့်အရွယ်မှာ အခုလို ထောင်ထဲချုပ်ခံထားရတာဟာ လုံးဝမတရားဘူး”

LEAVE A REPLY

Please enter your comment!
Please enter your name here