ရှဒူးဇွပ်ပြည်သူ့စစ်မှ လော့ဒ်ဂျာရွာဟောင်းအနီး ဒရုန်းဖြင့် ဗုံးနှစ်ကြိမ် ပစ်ချ

259
ရှဒူဇွပ်

ဇန်နဝါရီ၊၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာအနီးက လော့ဒ်ဂျာရွာဟောင်းအနီး ရှဒူးဇွပ်ပြည်သူ့စစ်တွေကနေ ဒီကနေ့မနက်(၉)နာရီလောက်မှာ အကြောင်းမဲ့ ဒရုန်းနဲ့ဗုံးနှစ်ကြိမ် ပစ်ချခဲ့တယ်လို့ သိရပါတယ်။

ရှဒူးဇွပ်ကျေးရွာကနေ (၃)မိုင်လောက်ဝေးတဲ့ လော့ဒ်ဂျာကျေးရွာဟောင်းမှာ လက်ရှိ ရွှေတူးဖော်သူတွေနဲ့ ခြံလုပ်သူတွေ ရှိကြပြီး ဒီကနေ့မနက် ဗုံးဒဏ်ကြောင့် လူနှစ်ဦးထိခိုက်သွားတယ်လို့ ကြားသိနေတဲ့အကြောင်း ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“လူနှစ်ယောက်ထိတယ်လို့တော့ ပြောတယ်။ အဲဒီမှာက ခုရွှေတူးတဲ့သူတွေ၊ ကိုယ့်ရဲ့ ခြံကိုမခွဲနိုင်တဲ့သူတွေ အိမ်ခြေ သိပ်တော့မရှိတော့ဘူး”လို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း လော့ဒ်ဂျာရွာဟောင်းဘက်မှာ ပြည်သူ့စစ်တွေကနေ ဒရုန်းနဲ့ ဗုံးကြဲချတယ်လို့ အတည်ပြုပြောဆိုပါတယ်။

အထက်ပါလော့ဒ်ဂျာကျေးရွာမှာ အရင်က အိမ်ခြေ(၆၀) လောက်နေထိုင်ခဲ့ဖူးပြီး စစ်ပွဲအခြေအနေတွေကြောင့် ၂၀၁၇ခုနှစ်ကနေစပြီး ရှဒူးဇွပ်ကျေးရွာဘက် စစ်ရှောင်းရင်း ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။

ရှဒူးဇွပ် ပြည်သူ့စစ်စစ်သားတွေဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့ကလည်းတနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာအနီးက လယ်ကွင်းတစ်ခုမှာ ဒရုန်းနဲ့ ဗုံးပစ်ချမှု ရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်း(၂၉၇)ကနေ အခုရက်ပိုင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိသလို ရှဒူးဇွပ် ပြည်သူ့စစ်တပ်စခန်းဘက်လည်း လက်နက်ပစ်သံတွေ မကြာမခဏ ကြားရလေ့ရှိတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here