KIA တပ်မဟာ (၂) မှ တနိုင်းမြို့နယ်အတွင်း ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းများအား ဇန်နဝါရီလ အပြီးဆောင်ရွက်သွားမည်ဟုဆို

0
73
ဘိန်းခင်းတိုက်ဖျက် တနိုင်းမြို့
ဇန်နဝါရီ၊၁၂
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊တပ်မဟာ (၂) ကနေ တနိုင်းမြို့နယ်အတွင်းမှာ ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဇန်နဝါရီလ အပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၃) ရက်နေ့ကစပြီးတော့ တနိုင်းဒေသဘက်က ဘိန်းခင်းတွေကို လိုက်လံခုတ်ထွင်ရှင်းလင်းနေပြီဖြစ်ပြီး ဒီလအတွင်း တနိုင်းမြို့နယ် တရုံကျေးတစ်ဝိုက်နဲ့ တနိုင်းချောင်းတစ်လျှောက်ကို အပြီးသတ်ရှင်းလင်းသွားမှာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ခုလုပ်နေတာတော့ KIA တပ်မဟာ (၂) တွေဟုတ်တယ်။ ဆက်လက်ပြီးတော့ လုပ်နေဆဲပါပဲ။ ဒီတစ်လလုံး လုပ်သွားဖို့တော့ရှိတယ်”လို့ဆိုပါတယ်။

အဲဒီဒေသဟာ KIA တပ်ရင်း (၄၅) ရဲ့ လုပ်ရှားရာနယ်မြေဖြစ်ပေမယ့် လက်ရှိမှာတော့ တပ်မဟာဘက်ကနေ တာဝန်ယူလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့အုပ်ချုပ်ရာနယ်မြေမဟုတ်တဲ့ ဒေသတွေကို လိုက်လံခုတ်ထွင် ရှင်းလင်းနေရတာဖြစ်တာကြောင့် လုံခြုံရေးအရ ခက်ခဲတဲ့ပိုင်းတွေရှိတယ်လို့ ဘိန်းခင်းတိုက်ဖျက်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ ဒီဘက်မှာဆိုကြောက်ရမှာက ပြည်သူ့စစ်တွေပေါ့နော်။ ကိုယ့်နေရပ်မဟုတ်တော့ သတိနဲ့ခုတ်နေရတာပေါ့” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းမီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့တွေကနေ လာရောက်ခုတ်ထွင်ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ နှစ်တိုင်းလိုလို KIA ဘက်ကနေသာ ခုတ်ထွင်ရှင်းလင်းရေးတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆက်ဆိုပါတယ်။

“ နှစ်တိုင်းသူတို့ပဲ ရှေ့နှစ်ကလည်း ဒရုန်းတွေဘာတွေနဲ့ အကြီးအကျယ်ပဲ လုပ်ကြတာ။ မနှစ်ရဲ့ရှေ့တစ်နှစ်မှာတော့ ရဲတွေဝင်တော့ သူတို့မဝင်ဘူး။ မနှစ်ကစပြီး သူတို့ပြန်ဝင်ကြတာ တစ်စက်တောင်မကျန်ခုတ်ကြတယ်။ ဒီနှစ်က မုန်းညင်းခင်းများတော့ ဘယ်လိုလာမလဲမသိဘူး” လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဘက်ကနေ လာရောက်ခုတ်ထွင်ရှင်းလင်းမယ်လို့ သတင်းတွေပေါ်ထွက်ခဲ့ပေမယ့် လုံခြုံရေးအရ လာရောက်ခုတ်ထွင်ရှင်းလင်းတာမျိုးမရှိပဲ လက်ရှိအချိန်မှာတော့ KIA ကနေ ဝင်ရောက်ရှင်းလင်းနေတာဖြစ်ပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here