မြန်မာ့အရေး နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) သို့လွှဲပြောင်းရန် ကုလမဟာမင်းကြီးတောင်းဆို

77
ဓါတ်ပုံ- OHCHR

 

စက်တင်ဘာ၊ ၂၇

မြန်မာ့အရေးကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) က လွှဲပြောင်းကိုင်တွယ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ခါတာခ့်က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ (၂၆) ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ သူက အောက်ပါအတိုင်းပြောကြားခဲ့တာပါ။

“မြေပြင်အခြေအနေတွေ ဆိုးဝါးပြင်းထန်တာနဲ့ ကျူးလွန်းသူတွေ အပြစ်ပေးအရေးယူခံရတာ မရှိတာကြောင့် မြန်မာနိုင်ငံအရေးကို ICC က ကိုင်တွယ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်” လို့ မဟာမင်းကြီးက ပြောပါတယ်။

ဒါ့အပြင် ပစ်မှတ်ထားသတ်ဖြတ်မှုတွေနဲ့ ဗုံးခွဲမှုတွေရှိနေတယ်ဆိုပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ရပ်ဟာ စစ်တပ်ရဲ့ရာဇဝတ်မှုတွေနဲ့ မယှဉ်သာသလို တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတကာ ဥပဒေတွေ၊ အရပ်သားတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ စည်းကမ်းတွေကို လေးစားလိုက်နာကြတယ်လို့လည်း ဗော်လ်ခါတာခ့်က ပြောခဲ့ပါသေးတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောသွားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) ဆိုတာဟာ နိုင်ငံတွေကိုအရေးယူတဲ့တရားရုံးမဟုတ်ဘဲ ပြစ်မှုကျူးလွန်တဲ့သူတွေကို စီရင်တဲ့ တရားရုံးဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ “ICC မှာ အမှုစုံစမ်းစစ်ဆေး အရေးယူခံရသူတွေမှာ အစိုးရခေါင်းဆောင်၊ စစ်တပ်ခေါင်းဆောင်တွေပါသလို လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ကြပါတယ်” လို့ ၂၀၁၈ ခုနှစ်တုန်းက ICC အကြောင်းရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားခဲ့ပါတယ်။

မနေ့က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောသွားတဲ့အထဲမှာတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီနဲ့ သူတို့ရဲ့လက်အောက်ခံအဖွဲ့ဝင်တွေ သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၄,၁၀၈ ယောက်သေဆုံးခဲ့တာကို အတည်ပြုနိုင်ထားတယ်လို့ ပါရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရတော့ စစ်ကောင်စီကသတ်ဖြတ်ခဲ့တဲ့ပြည်သူစုစုပေါင်း ၄,၁၂၀ ဦးအထိရှိပြီး ဖမ်းဆီးခံခဲ့ရသူကတော့ ၂၄,၈၄၄ ဦးအထိ ရှိနေပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here