နွမ်လန့်ကျေးရွာက တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေ

15

ဧပြီ၊၁၆

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားစဉ် အတောအတွင်း ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ KIA တို့ မတ်လပိုင်းတုန်းက ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီ အခြေစိုက်တပ်နဲ့ ဒုံးတပ်စခန်း နှစ်ခုအနီးမှာရှိတဲ့ ရွာဖြစ်တာကြောင့် လက်နက်ကြီးကျည်တွေထိမှန်ပြီး နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားသလို နေအိမ်အားလုံးနီးပါး ကျည်ထိမှန်ခဲ့တာလို့ နွမ်လန့် ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကျည်ထိတာတွေက တစ်ရွာလုံးထိတာ။ အားလုံးကတော့ သွပ်တွေပေါက်သွားတာ။ တစ်နေရာတည်းမဟုတ်ဘဲ အားလုံးဖာရမှာဆိုတော့ အိမ်တိုင်းလဲရမှာ။ မိုးမကျခင်အတောအတွင်း မှာတော့ပြင်ယူရမှာပေါ့။ ဒါပေမဲ့ အားလုံးပြင်ရမှာဆိုတော့ သွပ်အများကြီးလိုတယ်။ို့ ဒေသခံက ဆိုပါတယ်။

လက်နက်ကြီးကျည်စတွေကြောင့် တချို့နေအိမ်ခေါင်မိုးတွေ အားလုံးပျက်စီးသွားသလို တချို့နေအိမ်တွေလည်း တစ်ဝက်တစ်ပျက်နဲ့ အပေါက်တွေ များသွားတာကြောင့် ဖာထေးလို့မရတော့ဘဲ အသစ်ပြန်လဲယူရမယ့် အခြေအနေဖြစ်နေတာလို့ ဆိုပါတယ်။

အိမ်ခြေ ၁၂၀ ရှိတဲ့ နွမ်လန့်ကျေးရွာက စစ်ကောင်စီအခြေစိုက်တပ်စခန်းကို မတ်လ တတိယအပတ်လောက်မှာ KIA က တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့နောက် ဧပြီလအစောပိုင်းကနေ ဒေသခံတွေ ကျေးရွာထဲ ပြန်ဝင်လာကြတာ ဖြစ်တယ်လို့သိရပါတယ်။

တခြား ကျေးရွာဘက်မှာ အခက်ခဲတွေနဲ့ သွားရောက်တိမ်းရှောင်နေမယ့်အစား နေရပ်မှာပဲ အဆင်ပြေသလို နေဖို့ပြန်လာကြတာဖြစ်ပြီး လတ်တလော အဆင်ပြေသလို နေနေကြပေမဲ့ မိုးတွင်းမရောက်ခင်တော့ အိမ်ခေါင်မိုးသွပ်တွေကို လဲလှယ်ဖို့ လိုအပ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလောမှာတော့ ကျေးရွာအတွင်းက နေအိမ်ခြံဝင်းတွေထဲမှာကို လက်နက်ကြီးကျည် အကြွင်းကျန်တွေ အများအပြားရှိနေသေးတဲ့အတွက် သတိနဲ့ နေထိုင်နေရတယ်လို့လည်း ဒေသခံက ပြောပါတယ်။

အိမ်ဝင်းထဲမှာ မိုင်းထောင်ပေးထားတာတွေလည်း ရှိတယ်။ ပစ်လိုက်တာ မအောင်တာတွေ မြေမှာစိုက်နေတာ။ သစ်ပင်တွေမှာ ကျနေတာတွေ ရှိသေးတယ်။ဘယ်သူမှမနှုတ်ရဲတော့ ရှိနေတာ။ ဒေသခံက ဆိုပါတယ်။

စစ်ရေးတင်းမာလာတဲ့ ဖေဖော်ဝါရီလကတည်းက နီးစပ်ရာတိမ်းရှောင်သွားကြတဲ့ ဒေသခံတွေဟာ ပြန်လာတဲ့သူတွေရှိသလို တချို့ကတော့ တခြားနေရာဘက်မှာ တိမ်းရှောင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

နွမ်လန့်ကျေးရွာအခြေစိုက် ၄၃၈ တပ်နဲ့ ၆၁၆ ဒုံးတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ သိမ်းပိုက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေကို မသိမ်းပိုက်ခင် အဲဒီတပ်စခန်းထဲက တပ်သားတွေဟာ ကျေးရွာတွင်းက ဒေသခံနေအိမ်တွေမှာ ဝင်ရောက်နေထိုင်ပြီး အိုးခွက် ပန်းကန်တွေကအစ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here