တိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ဗန်းမော်ဒေသခံတစ်ဝက်ကျော် ပြောင်းရွှေ့

16

 

ဧပြီ၊၁၆

ဗန်းမော်မြို့အတွင်း တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့အတွင်းမှာနေထိုင်တဲ့ လူဦးရေ ထက်ဝက်ကျော်ဟာ တစ်ခြားနေရာကို ပြောင်းရွှေ့သွားကြပြီလို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ဒီနှစ်ဆန်းပိုင်းလောက်ကစ ရွှေ့ပြောင်းသူတွေ တစ်စနဲ့တစ်စ များလာခဲ့ပြီး ဧပြီလ ၈ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လွယ်ဂျယ်မြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးတဲ့ နောက်မှာ ပိုမိုများပြားလာတာ ဖြစ်တယ်လို့ မြို့နေဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဟုတ်တယ် တစ်ဝက်လောက်လို့ ပြောလို့ရတယ်။ သုံးပုံတစ်ပုံကျော်က ပြောင်းသွားကြပြီ။ လူလည်းလျော့သွားတော့ ဆိုင်တွေလည်း များသောအားဖြင့် ပိတ်သွားကြပြီ။လို့ ဆိုပါတယ်။

ဗန်းမော်မြို့တွင်း စစ်ဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့နေပြည်သူ ၆၀ ရာခိုင်နှုန်းကျော်လောက်ဟာ တခြားဒေသကို ပြောင်းရွှေ့ သွားပြီလို့လည်း နောက်ထပ်‌ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ဘယ်သူမှလည်းမပြောဘူး။ ဒါပေမဲ့ ဗန်းမော်မှာ စစ်ဖြစ်လာမှာစိုးလို့ တိမ်းရှောင်သွားကြတဲ့သူတွေပဲ ဖြစ်တယ်။ အားလုံးက ကိုယ့်အသိစိတ်နဲ့ကိုယ် ဖြစ်လာမယ့်အခြေအနေမြင်ပြီး တိမ်းရှောင်သွားကြတာဟုတ်တယ်။ လို့ ဆိုပါတယ်။

အိမ်မွေးတရိစ္ဆာန်တွေနဲ့ အိမ်တွင်းပရိဘောဂတွေလည်း ဖောက်ထွင်းခံရမှာ စိုးရိမ်ရတာကြောင့် အိမ်စောင့်သဘောနဲ့ ကျန်ခဲ့တဲ့သူတွေပဲ ရှိတော့တယ်လို့ အထက်ပါဒေသခံအမျိုးသားက ဆက်လက်ပြောပါတယ်။

ပြောချင်တာက စစ်ရေးကာလဖြစ်တဲ့အတွက် ကြိုတင်ပြီး ဖြစ်လာမလား၊ မဖြစ်ဘူးလားဆိုတာ မသိနိုင်ဘူး။ ဒါပေမဲ့ ဖြစ်လာဖို့ ရာခိုင်နှုန်းများတာဖြစ်တဲ့အတွက် ဒီမှာပဲနေရင်တော့ စိတ်မလုံခြုံဘူး။ “လို့ ဆိုပါတယ်။

မြို့အတွင်း ကျန်ခဲ့တဲ့ပြည်သူတွေဟာ စစ်ဖြစ်လာရင် ကိုယ်လွတ်ရုန်းပြီး ချက်ချင်းထွက်ပြေးလို့ရအောင် အဆင်သင့်ပြင်ဆင်ထားပြီး သတိရှိရှိနဲ့ နားစွင့်ပြီး နေထိုင်နေကြတယ်လို့လည်း ဒေသခံတွေဆီက ကြားသိရပါတယ်။

ဒေသခံတွေဟာ မံစီမြို့နယ်အတွင်းက မိုင်းခေါင်ကျေးရွာနဲ့ နမ်လင်း(မ်)ပါးကျေးရွာဘက်ကို မိသားစုလိုက် ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ရွှေ့ပြောင်းသွားကြတဲ့အပြင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) ကလည်း ကားတွေနဲ့ ကူညီပို့ဆောင် ပေးနေကြတယ်လို့လည်း သိရပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားမြို့ဘက်တွေကို တိမ်းရှောင်သွားကြသူတွေလည်းရှိပြီး ဗန်းမော်- မန္တလေး- မြစ်ကြီးနား ကားခကတော့ တစ်သိန်းခွဲဝန်းကျင် ရှိတယ်လို့လည်း ဒေသခံတွေဆီက ကြားသိရပါတယ်။

လက်ရှိအချိန်မှာတော့ မြို့တွင်း အသွားအလာ နည်းသွားကြပြီဖြစ်ပြီး ကုန်စုံဆိုင်တွေနဲ့ စားသောက်ဆိုင် အများပိုင်း ပိတ်ထားလိုက်ကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

KIA က မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ စစ်တပ်စခန်းတွေကို လွန်ခဲ့တဲ့ မတ်လဆန်း ၇ ရက်နေ့မှာ တစ်ပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ပြောင်းရွှေ့သူတွေ များလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့အတွင်းမှာ နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေလည်း အားလုံးနီးပါး တစ်ခြားနေရာတွေကို ပြောင်းရွှေ့သွားကုန်ကြပြီလို့လည်း စစ်ရှောင်ပြည်သူတွေဆီက ကြားသိရပါတယ်။

လက်ရှိအချိန် ဗန်းမော်မြို့နဲ့ မိုးမောက်မြို့ဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားနဲ့ လက်နက်အင်အား ဖြည့်တင်းတာတွေအပြင် ကတုတ်ကျင်းတွေတူးပြီး ကင်းပုန်းဝပ်တာတွေကို ပြုလုပ်ထားနှင့်ပြီ ဖြစ်တာကြောင့် မိုးမောက်ပြည်သူတွေလည်း တိမ်းရှောင်နေကြပါပြီ။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဟာ စစ်ရေး၊ စီးပွားရေးအရ အရေးပါတဲ့အပြင် ကုန်းကြောင်းသာမက ရေကြောင်းလမ်းအတွက်ပါ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပြီးတော့ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၀,၀၀၀( တစ်သိန်းသုံးသောင်း) ကျော် နေထိုင်တာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here