ဓါးပြနဲ့ သူခိုး ကြီးစိုးလာတဲ့ နယ်မြေ

1418

မြစ်ကြီးနားမြို့က အထက်တန်းကျောင်းသူ/သားတွေကို မြန်မာစာကျူရှင်ပြပေးတဲ့ ကျောင်းဆရာတစ်ယောက်က ကချင်ပြည်နယ်ရဲ့ မြို့မှာဖြစ်ပေါ်နေတဲ့ ကြောက်လန့်ထိတ်လန့်ဖွယ်ရာ တစ်ခုအကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို အားကိုးတကြီး ပြောလာပါတယ်။

မြန်မာစာကျူရှင်ဆရာပြောပြတဲ့ အကြောင်းကတော့ ကလေးတွေကို ကျူရှင်ပြပေးရမယ့် ဘော်ဒါတစ်ခုကိုရောက်လို့ သူ့ရဲ့ဆိုင်ကယ်ကို ရပ်လိုက်ပြီး ဘော်ဒါထဲဝင်လိုက်ချိန်မှာ ကျောင်းသူ/သားတွေရဲ့ အော်သံတစ်ခုကို ကြားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီအော်သံကြောင့် အပြင်ကို သူပြန်ထွက်ကြည့်လိုက်ချိန်မှာတော့ ကာလပေါက်ဈေး ကိုးသိန်းလောက်တန်တဲ့ သူရဲ့ Cyclone အမျိုးအစား ဆိုင်ကယ်ကို လူငယ်တစ်ယောက် စီးသွားတာတွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

“ထမင်းချိုင့် စောင့်နေသလို ဘာလိုလိုနဲ့၊ ကလေးတွေကလည်း ကျောင်းသားမိဘ ထင်နေတာ။ အဲဒီလူစီးသွားတာ ဆရာစောဆိုင်ကယ်နဲ့ တူတယ်ဆိုပြီးလာပြောလို့ ထွက်ကြည့်လိုက်တော့ ဆိုင်ကယ်က မရှိတော့ဘူး”ဟု ကျူရှင်ဆရာ ဦးစောနဒီက ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် ဒီနေ့အထိ ဆိုင်ကယ် ပြန်မရသေးဘူးလို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာတော့ ဆရာစောနဒီ ကြုံတွေ့ခဲ့ရသလို ဖြစ်ရပ်တွေအပြင် ဆိုင်ကယ်လုတာတွေ၊ ပိုက်ဆံအိတ်လုတာတွေနဲ့ ဓားထောက်ဓားပြတိုက်တာတွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ဖြစ်ပွားနေတယ်လို့ ကြားသိရပါတယ်။ဆရာစောနဒီက မြစ်ကြီးနားသတင်းဂျာနယ်မှာ တုတ်ထိုးအိုးပေါက်လို့ လူသိများတဲ့ သရော်စာရေးခဲ့တဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး လုယက်မှုတွေအကြောင်း ရေးသားဖို့ သူကိုယ်တိုင် တိုက်တွန်းနေချိန်မှာ သူကိုယ်တိုင်လုယက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဆရာစောနဒီ အပါအ၀င်မြစ်ကြီးနား သတင်းဂျာနယ်က သတင်းထောက်နှစ်ဦးလည်း အထက်ပါအကြောင်းအရာတွေ အတိုင်း လုယက်ခံရမှုကို ကြုံတွေ့ခဲ့ကြရပါတယ်။လုယက်ခံရတဲ့ မြစ်ကြီးနားသတင်းဂျာနယ်တိုက်က သတင်းထောက် ၂ ဦးအနက် တစ်ဦးကတော့ အနုပညာသတင်းတွေကိုရေးသားတဲ့ သတင်းထောက် မဆိုင်းထွယ်ဇင်ဖြစ်ပြီး သူမရုံးကအပြန်မှာ သူမဆီပါလာတဲ့ လက်ကိုင်အိတ်ကိုလူငယ် ၃ ယောက်က ၀ိုင်းလုခဲ့ကြတာ ဖြစ်ပါတယ်။

“ဖောင်ပိတ်ပြီး အပြန်ညကိုးနာရီတောင် မထိုးသေးဘူး။ ယောက်ျားသုံးယောက်ကဘေးနားကို ၀ိုင်းလာပြီးတော့ ပုခုံးမှာ လွယ်ထားတဲ့အိတ်ကို လုတယ်။ အိတ်ကိုလုလို့ သူတို့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူတို့ ဆိုင်ကယ်လဲသွားလို့သာ ပြန်ခုခံနိုင်တာ။ ဒါပေမယ့် အိတ်ကိုတော့ ရအောင်ယူသွားကြတယ်”လို့ မဆိုင်းထွယ်ဇင်က ပြောပြပါတယ်။

အဲဒီလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေဟာ မြစ်ကြီးနားမြို့မှာတင်မဟုတ်တော့ဘဲ အခုဆို ကချင်ပြည်နယ်မြို့အတော်များများမှာ ဖြစ်ပေါ်နေတာကို လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် နေ့စဉ်ကြားသိနေရပါတယ်။

နာမည်ကြီး ဖုန်းဆိုင်တွေ၊ လူစည်ကားတဲ့နေရာတွေမှာတော့ ဆိုင်ကယ်ခိုးမှု၊ ခါးပိုက်နှိုက်မှုတွေကို ပြုလုပ်ကြပြီး လူခြေတိတ်တဲ့၊ လူပြတ်တဲ့နေရာတွေမှာတော့ ဓားထောက်လုတဲ့ နည်းလမ်းတွေနဲ့ ပြည်သူတွေကို အန္တရာယ်ပြုလာကြတဲ့အထိ ဖြစ်ပေါ်နေပါပြီ။

ဇန်န၀ါရီလ ၂၃ ရက်၊ ည ၇ နာရီခွဲလောက်က ဖားကန့်မြို့နယ်ရဲ့ပန်းခြံအနီးမှာ လုယက်မှုဖြစ်ပွားခဲ့ပြီး၊ အဲဒီဖြစ်စဉ်မှာ လုယက်သူတွေက ဆိုင်ကယ်စီးလာသူတစ်ဦးရဲ့ အောက်ပိုင်းကို သူတို့အသင့်ပါလာတဲ့ဓါးရှည်နဲ့ခုတ်ဖြတ်ခဲ့ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့အခြားပစ္စည်းတွေကို လုယက်သွားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်ဟာ မူးယစ်ဆေးဝါး အလွန်ပေါများပြီး တရားဥပဒေစိုးမိုးမှုအားနည်းလို့ အခုလို ဓားပြတိုက်လုယက်မှုတွေ အဖြစ်များနေတာလို့ ဖားကန့်မြို့နယ် အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်က ပြောပါတယ်။

“ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေကို သွားတွေ့တော့ ရဲတပ်ဖွဲ့အင်အား နည်းနေတယ်လို့ ပြောတယ်။ အင်အားက လေးရာလောက်ရှိပေမယ့် လုပ်ကွက်စောင့်ဖို့အတွက်ပေးထားရလို့ မြို့ရွာတွေအတွက် လုံခြုံရေးယူဖို့ တစ်ရာလောက်ပဲ ကျန်တယ်။ ပြည်သူလူထု လုံခြုံဖို့ရဲတပ်ဖွဲ့အင်အားကိုလည်း မသုံးနိုင်သလို မူးယစ်ဆေးဝါးကိုလည်း ကောင်းကောင်း မထိန်းချုပ်နိုင်တော့ အခုလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတယ်လို့ မြင်တယ်”လို့ ကိုဇော်မိုးထက်က သုံးသပ်ပြောပါတယ်။

အဲဒါအပြင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က မြောက်ပိုင်း USA ဖုန်းဆိုင်မှာ ဖုန်းပြုပြင်တဲ့ လူငယ်တစ်ဦးကလည်း နေ့လယ်ထမင်းစားပြန်ချိန် စီတာပူရပ်ကွက်အရောက်မှာ လူငယ် ၅ ဦးခန့်က သူတို့ကို ဆိုင်ကယ်ပေးခဲ့ဖို့ ပြောတယ်လို့ သိရပါတယ်။

ဆိုင်ကယ်ပေးခဲ့ဖို့ တောင်းဆိုတာကို ငြင်းဆန်ခဲ့တာကြောင့် လူငယ် ၅ ဦးက အဲ့ဒီလူငယ်ရဲ့ဝမ်းဗိုက်ကို ခလုတ်ဓားနဲ့ထိုးသွင်းခဲ့ကြပြီး အဲဒီဖြစ်စဉ်ကြောင့် ၀မ်းဗိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် အခုဆိုရင် မြစ်ကြီးနားမြို့ဟာ အလွန်ကြောက်စရာကောင်းနေပြီလို့ ဒေသခံပြည်သူလူထုက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့မဈေး(၁) အပေါ်ထပ်မှာရှိတဲ့ ကမ္ဘောဇဘဏ်ကို အသက်၂၀ မှ ၂၅ နှစ်အကြား လူငယ်လေးယောက် ဓားပြ၀င်တိုက်ခဲ့တာကြောင့် ငွေကျပ် သိန်း ၉၀၀ ကျော် ဆုံးရှုံးသွားတဲ့ဖြစ်စဉ်ကတော့ အထင်ရှားဆုံးဖြစ်စဉ်ပါပဲ။

ဒီသတင်းကြားပြီးတဲ့ နောက်ပိုင်းရက်တွေမှာတော့ မြစ်ကြီးနားဒေသခံတွေဟာ လူခြေတိတ်တဲ့နေရာတွေကို ညဘက်တင်မကဘဲ နေ့ဘက်တောင် မသွားရဲကြတော့သလိုဖြစ်လာပါတယ်။

“အဓိကကတော့ တရားဥပဒေစိုးမိုးရေး မရှိတာပါ။ ပြည်သူတွေက လမ်းမှာတွေ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက် သူ့ငါမယုံ၊ ငါ့သူမယုံ ဖြစ်နေကြတာ။ နေ့သွားသွား၊ ညသွားသွား  လူကောင်းလား၊ လူဆိုးလားတောင် မခွဲနိုင်တော့ဘူး။ ဒါတွေက မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲတွေပါ”လို့ ဆရာစောနဒီက ပြောပါတယ်။

ဒီလိုဖြစ်ပွားရခြင်းရဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ လူငယ်တွေအားကျတဲ့ အနုပညာရှင်တွေရဲ့ မြန်မာကားတွေ နိုင်ငံခြားဘဏ်ဓါးပြဇာတ်ကားတွေကြောင့် ဖြစ်မယ်လို့လည်း လူအများက ယူဆကြပါတယ်။

ဒီလို လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် လုယက်မှု ၁၀ မှုမှာ ၁ မှုလောက်သာ ရဲစခန်းရောက်တာကိုလည်း တွေ့မြင်ရပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းများအရ ၂၀၁၇ ခုနှစ်တစ်ခုလုံးမှာ တိုင်ကြားလာတဲ့ လုယက်မှုအမှုပေါင်း တစ်ပြည်နယ်လုံးအတိုင်းတာ ၈၂ မှုသာရှိခဲ့ပြီး တရားခံမိတဲ့အမှုတွေအများကြီးရှိတယ်လို့ သိရပါတယ်။

လုယက်ခံရပေမယ့် ရဲစခန်းကိုသွားပြီး အမှုဖွင့်တိုင်ကြားလေ့မရှိတဲ့ ပြည်သူတွေရဲ့ အဓိကအကြောင်းအရင်းကတော့ ယုံကြည်အားကိုးမှု နည်းတာကြောင့်လို့ သူတို့ရဲ့ပြောကြားချက်တွေအရ သိရပါတယ်။

“ကျွန်မ အလုခံရတုန်းက ဖုန်းနဲ့ ပိုက်ဆံငါးသိန်းကျော်ပါသွားတယ်။ မိုးတောင်မချုပ်သေးဘူး။ လုပြီး ပြေးသွားတာ။ ဒါပေမယ့်လည်း အလုပ်ရှုပ်မှာ စိုးတာကြောင့် ရဲစခန်းကို သွားမတိုင်တော့ဘူး။ တိုင်ရင်လည်းပြန်ရဖို့က မသေချာဘူးလေ။ အမှုရင်ဆိုင်ရတာပဲ အဖတ်တင်မှာ”လို့ မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်အုန်းစန်းက ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်မှာ လူဦးရေ ၁၆ သိန်းကျော် ရှိပါတယ်။ သို့ပေမယ့် ပြည်သူ အင်အားနဲ့ရဲတပ်ဖွဲ့အင်အား အချိုးမကိုက်အောင် နည်းပါးတာကြောင့် ပြည်သူ ၃၀၀၀ ကို ရဲတစ်ယောက်နှုန်းနဲ့ စောင့်ရှောက်နေရတယ်လို့ သိရပါတယ်။

“ဖြစ်စဉ်တွေရှိလို့ရှိရင် ဒီဖြစ်စဉ်တွေကိုတော့ သတင်းထုတ်ပြန်ပေးတာ ရှိပါတယ်”ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး မျိုးသူရနောင်မှ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လုယက်မှု၊ ဓါးပြမှုတွေကို အသက် ၃၀ မကျော်သေးတဲ့ လူငယ်တွေက ကျူးလွန်ကြတာလို့ ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

ဒါတွေဟာ မူးယစ်ဆေးဝါးအပြင် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ပေးနိုင်ခြင်း မရှိမှုကြောင့်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

၁၇ နှစ်ကနေ ၂၅ နှစ်အတွင်းလူငယ်အများစုက အုပ်စုလိုက်ဝိုင်းဖွဲ့လုယက်ကြတာ များပါတယ်။ သူတို့ဟာ ငါးယောက်တစ်ဖွဲ့ (သို့မဟုတ်) ငါးယောက်နဲ့အထက် အဖွဲ့တွေဖွဲ့ပြီးတော့ လူပြတ်တဲ့နေရာတွေမှာ အလစ်သုတ်ကြလေ့ရှိပါတယ်။ သူတို့တွေ အားလုံးစီမှာ သေစေနိုင်တဲ့လက်နက်တွေ ကိုင်ဆောင်ထားကြပြီး လုယက်ခံရသူတွေကို အန္တရာယ်ပြုကြလေ့ ရှိပါတယ်။

“ကျွန်တော့်ဆိုင်ကယ်ကို အုပ်စုလိုက် ခိုးသွားကြတာ။ ကျွန်တော့်သူငယ်ချင်း ကြုံရတုန်းကဆိုရင်လည်း သူ့ဆီက အုပ်စုလိုက် ဓားနဲ့ထောက်ပြီး လုသွားကြတာ။ အသာတကြည်ပေးလိုက်ရင် အေးဆေးပြန်သွားတယ်။ စကားမာမာပြောရင် ပါလာတဲ့ဓားနဲ့ ခုတ်သွားကြမယ့်ပုံစံတွေတဲ့။ လူငယ်တွေက အခုဆို အရမ်းကို လက်ရဲဇက်ရဲနိုင်လာကြတယ်”လို့ မြို့သစ်ကြီး ကွက်သစ်မှာ နေထိုင်တဲ့ ကိုသက်လှိုင်ဝင်းက ပြောပါတယ်။

မငြိမ်းချမ်းတဲ့ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး မတားဆီးနိုင်မှုတွေ၊ တရားမ၀င် လုပ်ကိုင်စားသောက်တာတွေနဲ့ အကျင့်ပျက်ချစားမှုတွေက ဒုနဲ့ဒေးပါ။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခြင်း မရှိတဲ့အပြင် မူးယစ်ဆေးဝါးတွေကိုပါ တားဆီးထိန်းချုပ်နိုင်ခြင်း မရှိဘူးဆိုရင်တော့ ကချင်ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ သူခိုး၊ ဓားပြတွေရဲ့လက်ထဲမှာ ရှိနေဦးမှာပါ။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here