မော်ဒယ်လ်၊ သရုပ်ဆောင်မင်းသမီး ဂျာဆိုင်းအိန်ဟာ သရုပ်ဆောင်လောကထဲကို ကချင်အနုပညာရှင် အသိုင်းအဝိုင်းမှာသာမက မြန်မာ့ရုပ်ရှင်လောကမှာပါ (Dimensions) ဇာတ်ကားနဲ့ စတင်နာမည်ရလာတဲ့ မင်းသမီးချောလေးပါ။
လှပတဲ့ ရုပ်ရည်၊ ကျော့ရှင်းတဲ့ ကိုယ်နေဟန်၊ သွက်လက်ထက်မြက်ပြီး ချိုသာတဲ့ အပြုံးပိုင်ရှင် မင်းသမီးလေး ဂျာဆိုင်းအိန်က သရုပ်ဆောင်ပိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ မင်းသမီးလေးဆိုတော့ အချိန်တိုအတွင်းမှာပဲ ပရိသတ်အများရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ မင်းသမီး တစ်လက်ပါ။
ယခုအခါ MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာ အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်လွှင့်ပြီးစီးခဲ့ပြီ ဖြစ်တဲ့ “တတိယမြောက် ဆုံမှတ်” ဇာတ်လမ်းတွဲမှာတော့ မင်းသမီးချော ဂျာဆိုင်းအိန်က သူမရဲ့ ပထမဦးဆုံး ဗီလိန်(လူဆိုးမလေး)ဇာတ်ရုပ်အဖြစ်ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရရှိခဲ့ပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲလေးကို ဘန်ကောက် ဒါရိုက်တာတစ်ဦးက သဘာဝလွန်အက်ရှင်၊ အချစ်၊ Drama ဆန်ဆန် ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ဂျာဆိုင်းအိန်ကတော့ (Villain) လူဆိုးမလေး ”နေရီရီ” အဖြစ် ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲမှာပဲ ဇာတ်ရုပ်အသစ်ဖြစ်တဲ့ လူဆိုးမလေး(Villain) “နေရီရီ” အဖြစ် ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမုန်းစကားတွေကို ခံခဲ့ရပေမယ့် အားပေးမှုသာဖြစ်တယ်လို့ ခံယူကြောင်းနဲ့ သရုပ်ဆောင်မှု အပိုင်းကို အားရကျေနပ်မိကြောင်း ဂျာဆိုင်းအိန်က အခုလိုဆိုပါတယ်။
“ကိုယ်က ဗီလိန်နေရာမှာ သရုပ်ဆောင်တော့ ဗီလိန်ဖြစ်မနေဘူး။ လူမမုန်းဘူးဆိုရင် ဗီလိန် မဖြစ်ဘူး။ အခုလို လူမုန်းတယ်ဆိုတော့ သူတို့စိတ်ထဲမှာ၊ အမြင်ထဲမှာ ဗီလိန်တစ်ယောက် အနေနဲ့ ရောက်သွားတယ် ဆိုတော့ သရုပ်ဆောင် ကောင်းလို့ ထင်တယ်”ဟု သူမက ပြောပါတယ်။
သည်ဇာတ်လမ်းတွဲကို မရိုက်ကူးမီ အစမ်းလေ့ကျင့်မှုနဲ့၊ လူတွေ့စစ်ဆေးပြီး ဇာတ်ကောင်နေရာ ချရတဲ့အပိုင်းတွေနဲ့ မိမိဇာတ်ရုပ်ပေါ်လွင်ဖို့ အချိန်(၃)လခန့်ကြာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရကြာင်းနဲ့ ဒါရိုက်တာရဲ့ အကူအညီတွေကြောင့် အခက်အခဲမရှိဘဲ ရိုက်ကူးနိုင်ခဲ့ကြောင်း သူမက ဆိုပါတယ်။
“ဇာတ်လမ်းတွဲ မရိုက်ခင် အများကြီး ပြင်ဆင်ခဲ့ရတယ်။ ဒါရိုက်တာကလည်း ရိုက်ကူးရေးမစခင် အကုန်သင်ပေးတယ်။ ရိုက်ကွင်းမှာလည်း သူနဲ့ပဲ အစမ်းအရင် သရုပ်ဆောင် ကျင့်ရတယ်။ သူကိုယ်တိုင် Dialogue တွေပြောတယ်။ ဘယ်လို လုပ်ရမယ်။ မျက်နှာအမူအရာကအစ သင်ကြားပေးတယ်။ အရမ်းဂရုစိုက်ပေးတယ်။ သေချာကို ရိုက်တယ်”လို့ သူမက ဆိုပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ကူးပြီးချိန်မှာတော့ သရုပ်ဆောင် ဂျာဆိုင်းအိန်က “တစ်ခုတော့ရှိတယ် အဲ့ဒီဇာတ်ကား ရိုက်ပြီးသွားတော့ အရမ်း စွာလာတာတော့ ဟုတ်တယ်။ အဲလိုဇာတ်ရုပ်အတိုင်း ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘူး။ သူငယ်ချင်းတွေက နင် အခုတလော အရမ်းစွာလာတယ် ပေါ့နော်… (ရယ်လျက်)။ လူက အဲလိုဇာတ်ရုပ်မှာ ၆ လလောက် နေလာတဲ့ အခါကျတော့ အပြင်မှာလည်း အဲ့လို ဖြစ်လာတယ်။ အရမ်းကို စွာပြီး၊ ကိုယ့်ကိုယ်ကိုယ် မာန်တွေတက် အဲ့လိုတော့ ရှိတယ်”ဟု ပြောပြပါတယ်။
မော်ဒယ်လ်၊ သရုပ်ဆောင် ဂျာဆိုင်းအိန်ဟာဆိုရင် သရုပ်ဆောင်လောကထဲကို ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကချင်အနုပညာရှင် အသိုင်းအဝိုင်းမှာသာမက မြန်မာ့ရုပ်ရှင်လောကမှာပါ တက်လှမ်းလာပြီး အောင်မြင်မှုတွေကိုရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
Benadeth