ဖားကန့်က လူငယ်လေးယောက်ကို လူသတ်မှုဖြင့်ဖမ်းဆီး

1161

သြဂုတ် ၂
ဖားကန့်မြို့နယ်၊ လုံးခင်း – ဖားကန့်သွားသည့် ကားလမ်းမတွင် အသက် ၃၀ ခန့်ရှိအမျိုးသားတစ်ဦးကို သတ်ဖြတ်သည့် တရားခံဟုယူဆသူ လူငယ်လေးဦးကို ဇူလိုင်လ ၂၇ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက်က မှော်စီစာကျေးရွာ၊ စိတ္တသုခဘုန်းကြီးကျောင်းအနီးတွင် အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးကိုယင်းလူငယ်လေးဦးက ဓားဖြင့် သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု လုံးခင်းနယ်မြေရဲစခန်းက စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ထိုအမျိုးသားကို သတ်ပြီးနောက် ပြစ်မှုကျူးလွန်သူ လေးဦးသည် ဆိုင်ကယ်သံကြားသဖြင့် ပုန်းရှောင်သွားပြီး ဆိုင်ကယ်ဖြင့်ရောက်လာသည့် အမျိုးသားနှစ်ဦးသည် လူတစ်ဦး လဲကျနေသည်ကိုတွေ့ရှိသဖြင့် အရှိန်လျှော့မောင်းစဉ်တွင်လည်း ထိုလေးဦးက ပုန်းနေရာမှ ဓားရှည်ကိုယ်စီကိုင်ဆောင်ထွက်လာပြီး လိုက်ခုတ်သဖြင့် ဆိုင်ကယ်ကိုပစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ယင်းအမျိုးသားနှစ်ဦးမှာ ဓားဒဏ်ရာတစ်ချက်စီဖြင့် လုံးခင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသခံယူခဲ့ရကြောင်း သိရသည်။
မှုခင်းဖြစ်ပွားသည့်နေ့ကဖမ်းဆီးနိုင်ခြင်းမရှိခဲ့သည့် လူငယ်လေးဦးကို လုံးခင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ တရားခံများကို စုံစမ်းဖော်ထုတ်ရာ ဇူလိုင်လ ၂၄ ရက်က တစ်ဦး၊ ၂၅ ရက်က နှစ်ဦးနှင့် ၂၇ ရက်တွင် တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here