မြစ်ဆုံရေကာတာကို စီမံကိန်းရေးဆွဲထားတဲ့ အမြင့်ထက်နိမ့်ပြီး ဆောက်လုပ်သွားဖို့ တရုတ်ဘက်က ညှိနှိုင်းမှုတွေ ရှိတယ်လို့ ကြားသိရကြောင်း ပြည်နယ်ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြော

19

 

ဇွန်၊၈

မြစ်ဆုံရေကာတာကို အန္တရာယ်မရှိအောင် စီမံကိန်းရေးဆွဲထားတဲ့ အမြင့်ထက်နိမ့်ပြီး ဆောက်လုပ်သွားဖို့ တရုတ်ဘက်က ညှိနှိုင်းမှုတွေရှိတယ်လို့ ကြားသိရကြောင်း စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက်က ၁၀ စုနှစ်တစ်စုကျော် ရပ်ဆိုင်ထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်ထည်ဖော်ဖို့အတွက် တရုတ်််ဘက်ကက စစ်ကောင်စီကို ပြန်လည်ညှိနှိုင်းမှုတွေလည်း ရှိနေတာပါ။

အရင်ကဆောက်လုပ်မယ်ဆိုတဲ့ ရေကာတာစီမံကိန်းကို အခုတစ်ခေါက်မှာတော့ အန္တရာယ်မရှိအောင် နိမ့်ပြီးဆောက်လုပ်သွားဖို့ ညှိနှိုင်းခဲ့တယ်လို့ သိရကြောင်း စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

နိုင်ငံတော်ကို ညှိနှိုင်းလာခဲ့တာက အပေါ်ယံကြားတာတော့ အရင်တုန်းက အန္တရာယ်ရှိလောက်အောင် အရမ်းအမြင့်ကြီးလုပ်မှာကို အခုကအန္တရာယ်မရှိနိုင်အောင် နိမ့်အောင်လုပ်မယ်ဆိုပြီးတော့ ကြားတယ်။ အတိအကျတော့ မသိသေးဘူး။လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

တည်ဆောက်မှာနဲ့ ပတ်သက်တဲ့ စီမံကိန်းအသေးစိတ်ကို မသိရတဲ့အပြင်အမြင့်ပေဘယ်လောက်အထိ ဆောက်မယ်ဆိုတာတွေလည်း တိတိကျကျတော့ မသိရပါဘူး။

Institute for Strategy and Policy (ISP) Myanmar – China Desk ရဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလက ဖော်ပြထားချက်အရတော့ ဆည်ဆောက်လုပ်မယ့် နယ်မြေအကျယ်အဝန်းဟာ ၁၈,၀၀၀ စတုရန်းမိုင်၊ အထက်ရေလှောင်ကန်ကြီးရဲ့ ရေအမြင့် ၉၈၀ ပေ၊ ဆည်အမြင့် ၅၀၀ ပေ၊ ရေလှောင်ကန်ကြီးရဲ့ အမြင့်ဆုံးထိန်းနိုင်တဲ့ ရေအမြင့် ၉၅၀ ပေနဲ့ အများဆုံးထိန်းထားနိုင်တဲ့ရေထု ၃၄ ဧကပေသန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိတယ်လို့ သိရပါတယ်။

ပညာရှင်တွေရဲ့ အစီရင်ခံစာအရ စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ်အစား ၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်တယ်လို့ သိရပါတယ်။ စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀(မိုင် ၆၀) ခန့်သာ ‌ဝေးတာကြောင့် ငလျင်လှုပ်ခဲ့ရင် ရေကာတာပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေပြီး ပြိုကျပါက မြစ်ကြီးနားမြို့ဟာ ရေလွှမ်းမိုးနိုင်တယ်လို့ အစီရင်ခံတွေက ဆိုထားကြောင်း ISP Myanmar- China Desk က ထောက်ပြထားပါတယ်။

စစ်ကောင်စီကနေ ကချင်ပြည်နယ်ကောင်စီကို မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သက်ပြီး အခုချိန်ထိ ဆွေးနွေးညှိနှိုင်းတာတွေနဲ့ တခြားညွှန်ကြားတာမျိုးတွေ မရှိသေးဘူးလို့လည်း ဦးခက်ထိန်နန်က ဆိုပါတယ်။

လက်ရှိအနေအထားအရ မြစ်ဆုံစီမံကိန်းကို အကောင်ထည်ဖော်ဆောင်ဖို့ ခက်ခဲနေဦးမှာဖြစ်တယ်လို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေက လက်ခံထားကြပါတယ်။

မြစ်ဆုံရေကာတာကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီအနေနဲ့ မဖြစ်မနေ ပြန်လည်စတင်လာမယ်ဆိုရင်လည်း ကချင်ပြည်နယ်အတွင်းက သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဆက်လက်ကန့်ကွက်မှုတွေ လုပ်ဆောင်နေဦးမယ်လို့လည်း သိရပါတယ်။

မြစ်ဆုံဒေသမှာ ရေကာတာဆောက်လိုက်ခြင်းအားဖြင့် ဧရာဝတီမြစ်ကြီးဟာ ဘယ်လိုပြောင်းလဲမှုတွေ ရှိသွားမလဲဆိုတာ ဘယ်သူ့မှ မသိနိုင်တဲ့အနေအထားဖြစ်သလို ဆိုးကျိုးတွေလည်း အများကြီး ကျရောက်လာနိုင်တယ်လို့ ကချင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောင်ရေးအဖွဲ့ (KEG)မှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီမြစ်ဆုံမှာ ရေကာတာ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ရေကာတာလုပ်ဖြစ်လာခဲ့မယ်ဆိုရင် ဒီဟာရဲ့ နောက်ဆက်တွဲကတော့ ပြည်သူတွေအတွက် အန္တရာယ်အများကြီး ရှိပါတယ်။လို့ ဆိုပါတယ်။

ရေကာတာမလုပ်တာတောင် နိုင်ငံအတွင်းမှာ ရေရှားပါးမှုတွေကြုံနေရတဲ့ ဒေသတွေ အများအပြားရှိနေပြီး ဆောက်လုပ်ခဲ့မယ်ဆိုရင် ရေရှားပါးမှု ပိုပြီးကြုံလာနိုင်သလို ဧရာဝတီမြစ်ကို မှီခိုလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောပါတယ်။

ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတွေ စီမံဆောင်ရွက်ဖို့ဆိုပြီး စီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီက အခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးကို ခန့်အပ်ပြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တခြားသော ဝန်ကြီးဌာနတွေက ပုဂ္ဂိုလ် ၉ ဦးကို တာဝန်ပေးအပ်ထားပါတယ်။

စီမံကိန်းဦးဆောင်အဖွဲ့ဟာ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်ဖို့အပြင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တင်ပြဆောင်ရွက်ရမယ်လို့ ပြောဆိုထားပါတယ်။

SPIC (Yunnan International Power Investment Co.Ltd) ဦးဆောင်အဖွဲ့နဲ့အတူ ပူးပေါင်းပြီးတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရဲ့ အဓိကကိစ္စရပ်တွေအပေါ် နည်းပညာ လုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တွေကို လမ်းညွှန်ပေးတာအပြင် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်ရမယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံ အစိုးရတွေအကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ဖို့ကိုလည်း ညွှန်ကြားထားတာ တွေ့ရပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ လက်ရှိအချိန် ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရှုံးနိမ့်နေတာတွေကို ရပ်တန့်နိုင်ဖို့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့လုပ်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေတာပါ။

မြစ်ဆုံဆည်တည်ဆောက်ဖို့အတွက် ၂၀၀၂ ခုနှစ်မှာ မြေလေ့လာတိုင်းထွာမှု စတင်ပြီး ကန်ဆိုင်းလျှပ်စစ်ဓာတ်အားကုမ္ပဏီက တန်ဖဲရွာမှာ အသေးစားမိုးလေဝသနဲ့ ဇလဗေဒဌာနတစ်ခု တည်ဆောက်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ CPI ကုမ္ပဏီ (SPIC လို့ပြောင်းလဲထား)နဲ့ MOEE (လျှပ်စစ်စမ်းအားဌာနာ၊ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ရေအားလျှပ်စစ်ဌာန)တို့ နားလည်မှုစာချွန်လွှာ (MOU) ယူထိုးပြီး ၂၀၀၉ ခုနှစ်မှာတော့ BANCA ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာ (EIA) ထွက်ရှိပြီးတော့ နားလည်မှုစာချွန်လွှာကို အပြီးသတ်လက်မှတ်ထိုးခဲ့ကြတယ်လို့ ISP Myanmar – China Desk က ဆိုပါတယ်။

အဲဒီနောက် ၂၀၀၉- ၂၀၁၀ မှာတော့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ ကျေးရွာတွေကို စတင်ရွှေ့ပြောင်းပြီး တည်ဆောက်ရေးစီမံကိန်းအဆင့် ၁ ကို စာတင်ခဲ့ကြရာ လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှု လေးကြိမ်ဖြစ်တာကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

ပြည်သူလူထု ကန့်ကွက်တာကြောင့် သမ္မတဦးသိန်းစိန်က သူရဲ့အစိုးရသက်တမ်းကုန်ဆုံးတဲ့အထိ စီမံကိန်းကို ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ကုန်မှာ ကြေညာခဲ့တာကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားခဲ့တာ အခုဆိုရင် ၁၃ နှစ်လောက်ကြာခဲ့ပြီ ဖြစ်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်ဓာတ်အားရရှိခဲ့ရင် မြစ်ဆုံစီမံကိန်း စာချုပ်အရ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ အေးရှားဝေါကုမ္ပဏီက ၅ ရာခိုင်နှုန်းစီ အစုရှယ်ယာ ပိုင်ဆိုင်မှာဖြစ်တယ်လို့လည်း ISP Myanmar – China Desk ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်းနောက်ပိုင်း ရွှေတူးဖော်မှုတွေ ပိုဆိုးလာတဲ့ မြစ်ဆုံဒေသတစ်လျှောက်က ဒေသခံ ပြည်သူတွေကတော့ နှစ်စဉ်နှစ်တိုင်း မြစ်ချောင်းအင်းအိုင်များနေ့ဆိုရင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ အသိပညာပေးတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here