စက်တင်ဘာ၊ ၂၃
မြန်မာနိုင်ငံတဝန်း ရာဂီမုန်တိုင်းအရှိန်ကြောင့် သေဆုံးသူ ၄၀၀ နီးပါးရှိနေချိန် တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒီလထဲ သေဆုံးထိခိုက်သူ ၂၀၀ နီးပါး ရှိလာတယ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် သေဆုံးသူဟာ ၃၈၄ ယောက်ရှိပြီး ပျောက်ဆုံးသူဟာ ၈၉ ယောက်ရှိတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောထားပါတယ်။
ဒီလအစောပိုင်း စက်တင်ဘာလ ၃ ရက်နေ့မှာတော့ စစ်ခေါင်းဆောင်ဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းထားတဲ့ မြို့ရွာတွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောဆိုအပြီး သဘာဝဘေး ဖြစ်နေချိန်မှာတောင် မြို့ရွာတွေကို ဆက်တိုက်ဗုံးကြဲနေတာ ဖြစ်ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်က လက်လှမ်းမီသလောက်စုဆောင်းထားတဲ့အချက်အလက်တွေအရ အခုလ စက်တင်ဘာ ၁ ရက်နေ့ကနေ ၂၁ နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ၁၁၈ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူကတော့ ၇၄ ယောက် ရှိနေပါတယ်။
သေဆုံးသူတွေထဲမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ သုံ့ပန်းတွေပါဝင်သလို၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်ပါတယ်။
စစ်ကောင်စီဗုံးကြဲလို့ လူသေဆုံး၊ ထိခိုက်ခဲ့တဲ့ နေရာတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ ရှမ်း-ကရင်နီပြည်အစပ်က ဖယ်ခုံ၊ ကရင်နီပြည်က ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရခိုင်ပြည်နယ်က မောင်တောင်၊ ပေါက်တော၊ ပဲခူးတိုင်းက ရေတာရှည်၊ မကွေးတိုင်းက မြိုင်၊ မန္တလေးတိုင်းက ငါန်းဇွန်နဲ့ စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့နယ်တို့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ဖားကန့်ဒေသ၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာဘက်မှာလည်း စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကောင်စီရဲစခန်းကုန်း(ဆိုင်းတောင်)ကို KIA က သိမ်းပိုက်အပြီး စစ်ကောင်စီက ဒီကနေ့အထိ နေ့စဉ်ဆိုသလို့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင်လက်နက်ကြီးပစ်ခတ်တာတွေကြောင့်လည်း အရပ်သားသေဆုံးမှုတွေ ရှိနေတာပါ။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ပြည်သူတွေရှိတဲ့နေရာကို ဗုံးကြဲနေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က မှတ်တမ်းယူပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကို ပေးပို့သွားမယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။