အဖိနှိပ်ခံ ရုပ်သေးပညာရေးမှသည်…

0
119
အဖိနှိပ်ခံ-ရုပ်သေးပညာရေး-

သစ်ဦးနွေ (မန်း/ပညာရေး)

ကျွန်မတို့ နိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းကြီးကမင်းပညာဘယ်လောက်တတ်လဲ  မေးရင် အတန်းတွေ၊ ဘွဲ့ရလက်မှတ်တွေ တန်းစီရွတ်ပြလေ့ရှိပါတယ်။ပညာဆိုတဲ့ အဓိပ္ပါယ်ဟာ  ကြက်တူရွေးစာအန်သလို ကျက်မှတ်မှုအဆင့်သာ တော်တော်များများသတ်မှတ်ခဲ့ပြီးအဘိဓာန်စာအုပ်ထဲမှာအနှစ်အသားပြည့်ဝတဲ့ ဖွင့်ဆိုမှုအဖြစ်သာ တည်ရှိနေတာ ဝမ်းနည်းစရာပါ။လက်တွေ့လောကမှာတော့ ပညာဆိုတာ အတန်း၊ ပညာဆိုတာ ဘွဲ့ရလက်မှတ်၊ပညာဆိုတာ ငွေရှာဖို့ ။ဒီလို လွဲမှားမှတ်ယူမှုတွေနဲ့ ဝန်းကျင်မှာ  ကျွန်မတို့ မျိုးဆက်တွေဟာ ကိုယ်ပိုင်အစွမ်းအစတွေ သေဆုံးခဲ့ကြရပါတယ်။

ဆရာဝန်ဖြစ်ချင်ကလေးဟာ သူ့ရဲ့ပင်ကိုဖန်တီးနိုင်စွမ်းကိုထုတ်ပြစရာမလိုပါဘူး။နားလည်လည် မလည်လည် အမှတ်ရဖို့အဓိကထားပြီး စာတွေကုန်းအော်ကျက်ခဲ့ကြတယ်။သင်ကြားတဲ့စာရဲ့ အဓိပ္ပါယ်က ဘာကိုဆိုတယ် ဘာကိုပြောတယ် သိဖို့မကြိုးစားဘဲ ကျက်နိုင်တဲ့သူ အမှတ်များများရ၊အမှတ်များများရတဲ့သူဆို ဆေးကျောင်းတက်ဆိုတာမျိုး။ဓာတုထုတ်ဖော်ပုံတွေ စိတ်ပါပါ မပါပါ ကျက်၊ပုံတွေအညွှန်းမှန်အောင်တပ်ပြီး ဖြေနိုင်ရင် အမှတ်ပြည့်ရဆိုတာမျိုး။ ဒီကြောင့်လည်း ဆရာအောင်သင်းက ကျက်မှုကျက်ကသိုလ်၊ဆေးကျက်ကသိုလ်၊ စီးပွားရေးကျက်ကသိုလ်ဆိုပြီး ပြောခဲ့တာပါပဲ။ဒီလိုပညာရေးတွေကို တွန်းလှန်ပြီး စစ်မှန်တဲ့ ပညာရေးစနစ်ဆီ ကျွန်မတို့ ဖန်တီးတည်ဆောက်ယူကြရမှာ ဖြစ်တယ်။အရေထူပြီး လော်လိုအော် ကျက်နေရတဲ့ လော်ပညာရေး၊အော်ပညာရေး ဖြစ်နေဆဲပါပဲ။ဒါကျက်၊ဒါဖြေ၊ဒါအောင် စနစ်ဟာ စစ်မှန်တဲ့ ပညာရေးမဟုတ်တာကတော့ အသေအချာပါပဲ။

တချို့တွေက ပြောလေ့ရှိပါတယ်။အရင်ကတည်းက ဒီသင်ရိုး၊အခုမှ ဘာလို့စစ်ကျွန်ပညာရေးလို့ လာပြောရတာလဲပေါ့။သမိုင်းကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ခေတ်အဆက်ဆက် ပညာရေးမှာ ဖက်ဒရယ်ပညာရေးစနစ်ကို ချောင်ထိုးထားခဲ့ပါတယ်။ကိုလိုနီနံ့ စွဲနေတဲ့ စစ်ကျွန်ပညာရေးစနစ်ကိုသာ လက်ဆင့်ကမ်း ပုံဖော်ခဲ့ကြပါတယ်။စစ်ပညာရေးစနစ်အောက်မှာ ပညာရေးလွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့ကြရပါတယ်။ အရာအားလုံးကျဆင်းခဲ့ရပြီးစစ်ဗိုလ်ချုပ်တွေ၊သူတို့သားသမီးမြေးမြစ်တွေသာ ကြီးပွားချမ်းသာသွားခဲ့ကြပါတယ်။အကောင်ကြီးကြီးသားသမီးများကတော့ နိုင်ငံရပ်ခြားတွေမှာ ပညာသင်ကြားခွင့် အများဆုံးရခဲ့ကြတယ်။ပြည်သူလူထုရဲ့ ပညာရေးကတော့ ပြာပုံထဲမှာပဲ ချွတ်ခြုံကျခဲ့ရတယ်။ သူတို့ကောင်းစားရေး၊သူတို့မျိုးဆက်မိသားစုကောင်းစားရေး၊ ကျွန်သက်ရှည်ရေး ပညာရေးဆိုတာကျွန်မတို့ နားတွေ မျက်စိတွေ ပွင့်ချိန်တန်ပါပြီ။ဂျင်းပညာရေးက ရုန်းထွက်သင့်ပါပြီ။ သူတို့ပြောသမျှယုံ၊သူတို့ပြောသမျှလိုက်လုပ်နေတဲ့ စက်ရုပ်ပညာရေးကကျွန်မတို့ လူ့အသိုင်းအဝိုင်း ကြီးကို သံပတ်ပေးထားရုံ ပညာရေး၊အဖိနှိပ်ခံ ပညာရေးဆိုတာအလင်းပွင့်သင့်ကြပါပြီ။

အဖိနှိပ်ခံပညာရေးကနေ လွတ်မြောက်ဖို့ မိဘ၊ဆရာကျောင်းသား ညီညွတ်ကြရမယ်။ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရမှာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးဟာ အာဏာရှင်ကို အမြစ်ပြုတ်တော်လှန်တဲတိုက်ပွဲဖြစ်ပါတယ်။ အာဏာရှင်တွေ အသေထွက်ထွက်တဲ့အခါ အဖိနှိပ်ခံပညာရေးပါပျောက်ကွယ်သွားဖို့ပါပဲ။ဒီတော့ အာဏာရှင်ရဲ့ရေသောက်မြစ်မှန်သမျှ တော်လှန်ကြရမှာပါပဲ။အပိတ်ကမ္ဘာထဲမှာ လေဖြတ်သလို ရှင်သန်မှုကို ရွေးချယ်မလား၊ အပွင့်ကမ္ဘာထဲမှာ လွတ်လပ်တဲ့ ရှင်သန်မှုကို မွေးဖွားမလား၊ကျွန်မတို့ အနာဂတ်သားသမီးတွေရဲ့ဘဝကိုအနာဂတ်အသေတွေ မျိုးစေ့ချပေးခဲ့ကြမှာလား။ကျွန်မတို့ သက်တောင့်သက်သာ နေသာမှုမှာ ကိုယ်ဖော့ပြီးနေခဲ့ကြရင် ကျွန်မတို့ဟာ အနာဂတ်ရဲ့ သမိုင်းတရားခံတွေ ဧကန်ဖြစ်မှာပဲ။ ချောင်ပိတ်ထားတဲ့ အမှောင်ကမ္ဘာထဲကနေ ဖောက်ထွက်မလား။လွတ်လပ်မှုသန္ဓေသားဟာ ကျွန်မတို့ ပစ္စုပ္ပန်မှာ တည်ရှိနေပါတယ်။ဘယ်လိုသမိုင်းမျိုးကို ရွေးချယ်ကြမှာလဲ။ဘယ်လိုသမိုင်းမျိုးကို ရေးခြယ်ကြမှာလဲ။သူရဲဘောကြောင်သူတွေအဖြစ် အစွန်းအထင်းခံကြတော့မှာလား။

“လွတ်မြောက်ရေးဆိုတာ မီးဖွားခြင်းလို နာကျင်ရတဲ့ ကိစ္စ”လို့ ပေါ်လိုဖရေးရီ(Paulo Freire)ပြောခဲ့ဖူးပါတယ်။ပေါ်လိုဖရေးရီဟာ ပညာရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်ပိုင်းမှာ တော်လှန်ဖောက်ထွက်ခဲ့သူပါ။သူ့ရဲ့ အတွေးအခေါ်တွေကဝေဖန်ပိုင်းခြားအသိအခြေခံသင်ကြားရေး(critical pedagogy)နယ်ပယ်မှာ အထင်ရှားဆုံးထည့်ဝင်အားဖြည့်မှုဖြစ်လို့နေပါတယ်။

သူကပြောပါတယ်။ “အဖိနှိပ်ခံတို့ဟာ ဖိနှိပ်သူကို သတိပြုမိပြီး ကိုယ့်လွတ်မြောက်ရေးအတွက် စနစ်တကျစုဖွဲ့တိုက်ပွဲဝင်လာကြမှသာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စဖြစ်လာမှာပါ။ဒီလို သတိပြုမိဖို့ကိစ္စက အသိဉာဏ်သက်သက်နဲ့တင် မရဘူး။လက်တွေ့ကျကျလုပ်ရမှာ ဖြစ်တယ်။လက်တွေ့လှုပ်ရှားရေးနဲ့တင်လည်း ကန့်သတ်ထားလို့မရပြန်တော့ လေးလေးနက်နက်ဆင်ခြင်စဥ်းစားမှုကို လုပ်ရမယ်။ဒီတော့မှ လက်တွေ့အသိပညာတစ်ခု ဖြစ်လိမ့်မှာ…..”တဲ့။

အနာဂတ်လူအဖွဲ့အစည်းမှာ၊အနာဂါတ်ပညာရေးမှာ ဖိနှိပ်သူတွေကို ဂေါ်ဇီလာတွေမျိုးတုံး ပျောက်ကွယ်သွားသလိုမျိုး တိုက်ထုတ်ကြရမှာပါပဲ။လွယ်တော့မလွယ်ဘူး။ပညာသတ္တိတော့ လိုတာပေါ့။ပြည်သူလူထုကို ဖိနှိပ်နေတာ ဘယ်သူလဲ။မတရားမှုက အိမ်ရှေ့တင်မက အိမ်ခန်းထဲထိ ဝင်ရောက်နေပါပြီ။ကျွန်မတို့ဟာ သစ်တုံးတွေလား၊ငခွေးငနွားတွေလား။ကျွန်မတို့ ပြည်သူတွေဟာ ငခွေးငနွားသစ်တုံးတွေ မဟုတ်ဘူးဆိုတာ အဖိနှိပ်ခံဘဝတွေကနေ လွတ်မြောက်အောင် တိုက်ထုတ်တည်ဆောက်ယူကြရမှာ ဖြစ်ပါတယ်။

ပညာရေးအကြောင်းတွေးမိရင်းနယူးဒေလီမှာ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်မှ ကြီးမှူးကျင်းပတဲ့ပညာရေးဆွေးနွေးပွဲမှာကဗျာဆရာကြီး ဦးတင်မိုးဟောပြောပို့ချချက်တွေကို သတိရမိပါတယ်။
“……ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ ကာလအတွင်းမှာ စစ်အစိုးရက ကျွန်တော်တို့ကို မျိုးကန်းအောင်လုပ်တယ်။ ပညာရေးကို အကြောဖြတ်တယ်။ပညာရေးဆိုတာ အရေးအကြီးဆုံးပဲ” ဆိုတာ ဆရာကြီးက ပြောခဲ့တယ်။စစ်အစိုးရဟာ ပြဌာန်းစာအုပ်ပြုစုတဲ့အခါ အာဏာရှင်တွေရဲ့ စွက်ဖက်မှုတွေရှိခဲ့တဲ့အကြောင်း၊ကျောင်းသုံးစာအုပ်တွေမှာလည်း လာစွက်ဖက်တဲ့အကြောင်း ဟောပြောပို့ချပါသေးတယ်။

“…အသစ်ပြောင်းမယ့်ကျောင်းသုံးစာအုပ်မှာ ပညာရေးဝန်ကြီးက စစ်ဗိုလ်မှူးကြီး၊သူက ဘာမှ ပညာရေးနားလည်ပုံမရဘူး။သူက ကျွန်တော်တို့ ကျောင်းသုံးစာအုပ်ကော်မတီကို ပြောတယ်။ခင်ဗျားတို့ ကဗျာတွေ၊စာတွေကို ရွေးချယ်လို့ရှိရင် တခုတော့ သတိထား၊သက်ရှိဆရာတွေ မရွေးချယ်နဲ့၊သူတို့ရဲ့ စာတွေကို မပြဌာန်းနဲ့တဲ့၊…”စသည်ဖြင့်ဆရာကြီးရဲ့ဟောပြောမှုတွေ သတိရမိပါတယ်။

စစ်အစိုးရဟာ ပညာရေးမှာ ဖိနှိပ်ခဲ့တဲ့အကြောင်းပြောချင်တာပါ။အဲဒီတုန်းကတည်းက သက်ရှိထင်ရှားရှိနေဆဲ ဆရာကြီးတွေဖြစ်တဲ့ ဆရာ မင်းသုဝဏ်၊ဆရာဇော်ဂျီ၊ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ရဲ့စာတွေကို မပြဌာန်းခဲ့ကြပါဘူး။ဆရာကြီးတွေရဲ့စာတွေပြဌာန်းလိုက်ရင် ကျောင်းသားလူငယ်တွေ အလင်းပွင့်ပြီး မျိုးချစ်စိတ်ဓာတ်တွေ ထက်သန်သွားကြမှာ စိုးရိမ်နေခဲ့ကြတာပါပဲ။

တချို့တွေကတော့ ပြောကြမှာပါ။ဒီစနစ်အောက်မှာ ဆရာဝန်တွေဖြစ်ခဲ့တာ၊ဒီစနစ်အောက်မှာ ဆရာ၊ဆရာမတွေပေါ်ပေါက်ခဲ့တာ မဟုတ်လားပေါ့။မှန်တယ်။ဒါ ငြင်းလို့မရဘူး။ရွေးချယ်ခွင့်မရှိတဲ့အခါ မကြိုက်သော်လည်း အောင့်ကာနမ်းခဲ့တဲ့အဖြစ်မျိုးပါပဲ။အခု ပြည်သူလူထုမှာ ရွေးချယ်စရာရှိနေပြီ ဖြစ်ပါတယ်။စစ်အာရှင်ပြိုလဲပြီးတဲ့အခါ ကျွန်မတို့ပြည်သူတွေရဲ့လွတ်လပ်စွာရှင်သန်မှုရဲ့အရသာကို အပြည့်အဝရ ရှိရောက်ရှိမှာအမှန်ပါပဲ။အကြောက်တရားနဲ့ ရှင်သန်ရပ်တည်ရတဲ့ လက်ညှိုးထောင် ခေါင်းညိတ်မျိုးဆက်ကို ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။

တချို့ကပြောကြပါသေးတယ်။အခု စာသင်ပေးနေတာ၊ကိုယ်ပိုင်ကျောင်းတွေမှာ စာသင်ပေးနေတာက အဲ့ဒီလိုသင်ပေးနေရင်းကနေ နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့တွေ ပိုပြီးပေးနိုင်တာပေါ့ ဆိုတာမျိုးလည်း တွေးခေါ်ပြကြတာရှိပါတယ်။ဒါက ဆင်ခြေတစ်ခုလို့ မြင်ပါတယ်။ တကယ်တမ်း ကျတော့ စစ်အာဏာရှင်ယန္တရားမှာ လောင်အားကောင်းကောင်းလည်ပတ်ဖို့ အဖြည့်ခံသက်သက် ကျရောက်သွားတာမျိုးထက် မပိုပါဘူး။စစ်အာဏာရှင် ပိုပြီးတာ သက်ဆိုးရှည်သွားပါလိမ့်မယ်။စစ်အာဏာရှင်အလိုကျ လိုက်ရောရင်း လိုက်ရောရင်းစစ်ဖိနပ်အောက်မှာ အသားကျရင်း မပျံနိုင်တော့တဲ့ ဘဝအသေတွေ ဖြစ်သွားပါလိမ့်မယ်။

တချို့တွေကပြောကြပါသေးတယ်။အစိုးရကျောင်းတက်ချင်လို့တက်တာမဟုတ်၊ကလေးတွေရဲ့ပညာရေးကြောင့်ပေါ့လေ။လွတ်လပ်စွာ ပြောရေးဆိုခွင့်၊လွတ်လပ်စွာ အပြန်အလှန် ဆွေးနွေး သင်ယူခွင့် ဆိုတာ စစ်ဖိနပ်အောက်မှာ ဘယ်တုန်းကမှ မဖြစ်ထွန်းခဲ့ပါဘူး။လုပ်ပိုင်ခွင့်ရရှိပါတယ်ဆိုတဲ့ ဆရာ၊ ဆရာမတွေဆိုတာကလည်း လုပ်ပိုင်ခွင့်ကင်းမဲ့ကြတဲ့ ဝန်ထမ်းတွေဖြစ်နေတာပါပဲ။စစ်ဖိနပ်အောက်က ပညာရေးဆိုတာအုပ်ချုပ်သူတွေရဲ့၊အာဏာရှင်တွေရဲ့ သြဇာခံရုပ်သေးပညာရေးဖြစ်နေဦးမှာပါပဲ။

ပေါ်လိုဖရေးရီ(Paulo Freire)ပြောသလိုပေါ့။လွတ်မြောက်ရေးဆိုတာ မီးဖွားခြင်းလို နာကျင်ရတဲ့ ကိစ္စပါပဲ။ကျွန်မတို့ပေးဆပ်ကြရမယ်။ကျွန်မတို့တိုက်ထုတ်ယူရမယ်။ကျွန်မတို့ဟာ  ကိုယ့်မျိုးဆက်သမိုင်းရဲ့ သူရဲကောင်းတွေဖြစ်နိုင်သလိုအနာဂတ်မှာ သမိုင်းတရားခံလည်း ဖြစ်သွားနိုင်ပါတယ်။ အနာဂတ် သမိုင်းတရားခံအဖြစ်မျိုးတော့ ရွေးချယ်ရမှာ ရှက်စရာပါပဲ။ ။

Ref#နောင်ချိုသစ်-လွတ်မြောက်မှုအခြေခံပညာရေး(သို့)အဖိနှိပ်ခံတို့၏ ပညာသင်ကြားရေး

(PEDAGOGY OF THE OPPRESSED BY PAULO FREIRF)

#တင်မိုး-ဟိုဘက်ကမ်းက ဖန်မီးအိမ်

(မြန်မာ့ပညာရေး ဆွေးနွေးချက်များ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here