“ပြင်ဆင်လိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေသစ်က ဆီးလိုက်ပြီး ဥပဒေကို ငွေနဲ့ဝယ်နေတဲ့စနစ်ကို ပြင်လိုက်နိုင်လို့ မသမာမှုတွေ တော်တော်လျော့ကျသွားမယ်”ဆိုတဲ့ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းနှင့် မူးယစ်ဆေးဝါးဥပဒေသစ် ရှင်းတမ်း

3207

 

ဦးတင်ထွန်းသိန်းသည် အဘဦးစံတင်နှင့် အမိ ဒေါ်စီစီလုတို့ကမွေးဖွားပြီး ၂၀၀၇ ခုနှစ်တွင် မြစ်ကြီးနားတက်္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည့် အသက် ၃၅ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သည်။ ၂၀၁၄ ခုနှစ်က ၎င်းနှင့်အပေါင်းအပါများ စုပေါင်း၍ မြစ်ကြီးနားမြို့တွင် ပထမဆုံးသော ရှေ့နေကုမ်္ပဏီကို ဖွင့်လှစ်ကာမြေယာမှုခင်းများ၊ တရားမမှုခင်းများကို လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်သည်။ ၎င်းတို့ကုမ္ပဏီအမည်မှာ ELEVEN LAWYER ကုမ္ပဏီလီမိတက်ဖြစ်ကာ အမှတ်-G-12C, အားကာတိုက်တန်း၊ မြစ်ကြီးနားမြို့တွင် ရုံးခန်းဖွင့်လှစ်ထားသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများအား ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ချမှတ်ရန် ပြင်ဆင်ထားသော မူးယစ်ဆေးဝါးဥပဒေအပေါ် အကောင်း၊ အဆိုး ဝေဖန်မှုများရှိသော်လည်း ဖေဖော်ဝါရီလ ၁၄ ရက်တွင် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။

          နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့(န၀တ)လက်ထက်တွင် ၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းထားသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများဥပဒေကို ဖျက်သိမ်းပြီး ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရ က်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဟူ၍ အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဥပဒေကို နှစ်ပေါင်း ၂၀ ကျော် အသုံးပြုပြီး ၂၀၁၈ ဖေဖော်ဝါရီလ ၁၄ တွင်ယင်းဥပဒေပါပုဒ်မများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသစ်ဖြည့်စွက်ခြင်း၊ စကားရပ်များ အစားထိုးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

          ပုဒ်မပေါင်း ၃၁ ခုပါဝင်သည့်ထိုဥပဒေသည် မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ် ၅ နှစ်မှ နှစ်ပေါ င်း ၂၀ ကျော်အထိ ချမှတ်နိုင်ခြင်း၊ ကျူးလွန်သည့်ပြစ်မှုနှင့် ချမှတ်ခံရသည့် ပြစ်ဒဏ်မမျှတခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်များစွာ၏ဘ၀များကို ထောင်တွင်း၌ ကုန်လွန်နေစေခြင်း၊ မိသားစုဝင်တစ်ဦး ထောင်ကျသွား၍ ကျန်မိသားစုများစွာ ဘ၀ပျက်နေရခြင်း၊ အစရှိသည့် ဆိုးကျိုးများကြောင့် ယင်းဥပဒေကို NLD အစိုးရက ပြင်ဆင်ခဲ့သည်။

          ယခုပြင်ဆင်လိုက်သည့် ဥပဒေနှင့်ပတ်သက်၍ ဥပဒေပါစကားရပ်များသည် အလွှာပေါင်းစုံမှ လူမျိုးပေါင်းစုံသော ပြည်သူများ တစ်ခါဖတ်ရုံဖြင့် နားလည်နိုင်လောက်အောင် ရှင်းလင်းခြင်းမရှိသဖြင့် ပြည်သူများကို အယူအဆနှင့်အဓိပ္ပာယ်ကောက်လွဲမှားနေစေပါသည်။

          ဥပဒေတစ်ရပ်ကို အဓိပ္ပာယ်ကောက်လွဲခြင်းက ပြည်သူများကို ဘေးသင့်စေနိုင်သဖြင့် ကချင်ပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်ထားသည့် တစ်ခုတည်းသော ရှေ့နေများကုမ္ပဏီနှင့်ချိတ်ဆက်ကာ ယင်းဥပဒေပါအချက်များကို အများပြည်သူနားလည်လွယ်အောင် တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

          မြစ်ကြီးနားမြို့၊ အား/ကာတိုက်တန်းရှိ ELEVEN LAWYER Co.ltd မှ ရှေ့နေသက်တမ်းဆယ်နှစ်ရှိ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ၊ ကုမ္ပဏီ၏ Managing Director တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို မြစ်ကြီးနားဂျာနယ်စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။

မေး – ပထမဆုံးအနေနဲ့ အခုအသစ်ပြင်ဆင် အတည်ပြုလိုက်တဲ့ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေမှာ ဘယ်နှခုလောက်ပြင်ဆင်ထားတယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်။

ဖြေ – အရင်ဦးဆုံး မူးယစ်ဆေးဝါးဥပဒေရဲ့ သမိုင်းကိုပြောရမယ်ဆိုရင် ဒီဥပဒေက၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တယ်။ ၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ ဥပဒေကိုဖျက်ပြီး ပြဋ္ဌာန်းထားတာပါ။ အခုကျတော့ အဲ့ဒီ ၉၃ ဥပဒေမှာ ပါတဲ့ဥပဒေအချို့ကို ပယ်ဖျက်တာတွေ၊ ပြင်ဆင်တာတွေ၊ ဖြည့်စွက်တာတွေ ပြုလုပ်တာပါ။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်က အမှတ်- ၆/၂၀၁၈ နဲ့အတည်ပြုခဲ့တာပါ။

ဒီဥပဒေမှာ ပြင်ဆင်ထားတာတွေကတော့  ပထမဆုံး ၀န်ကြီးဌာနနာမည်ကို အစားထိုးတယ်။ မူလဥပ ဒေပုဒ်မ -၂ မှာ အစားထိုးက တစ်ခု၊ ဖြည့်စွက်က(ပုဒ်မခွဲ)တစ်ခု၊ ပုဒ်မ-၃ မှာအစားထိုးကနှစ်ခု၊ ထပ်ပြီးဖြည့်စွက်တာ နှစ်ခု၊ ပုဒ်မ-၅ မှာ အစားထိုးတာ တစ်ခု၊ ပုဒ်မ-၆ မှာ အစားထိုးတာ သုံးခု၊ ပယ်ဖျက်တာ နှစ်ခု၊ ထပ်တိုးဖြည့်တာ ခြောက်ခု၊ ပုဒ်မ-၇ မှာ အစားထိုးတာ လေးခု၊ ပုဒ်မ-၈ မှာ တစ်ခု၊ အခန်း ၅ ခေါင်းစဉ်ကိုအစားထိုးတာ တစ်ခု၊ ပုဒ်မ-၉ မှာ အစားထိုးတာ နှစ်ခု၊ ပယ်ဖျက်တဲ့စကားရပ်တစ်ခု၊ ဖြည့်စွက်တာ ခြောက်ခုပါဝင်တယ်။ ပုဒ်မ ၁၀ ကိုတော့ဖျက်သိမ်းလိုက်တယ်။ ပုဒ်မ-၁၁ မှာ တစ်ခု အစားထိုးတယ်၊ ၁၁-က ဆိုတာဖြည့်တယ်၊ ၁၁(က) က စကားရပ်တစ်ခုကို ပြောင်းလဲအစားထိုးတယ်။

ပုဒ်မ-၁၂ မှာ အစားထိုးတစ်ခု၊ ၁၃ မှာ ထပ်ဖြည့်စွက်တာတစ်ခု၊ ၁၄ နောက်မှာ ၁၄-က ဆိုတာထပ်ဖြည့်တာတစ်ခု၊ အခန်း(၇)ရဲ့အောက်မှာ အခန်း(၇-က)ဆိုပြီးထပ်ဖြည့်တယ်၊ မူလပုဒ်မ-၁၅ ကို ပယ်ဖျက်ပြီး ၁၅ ကို ပြဋ္ဌာန်းချက်အသစ်နဲ့အစားထိုးတယ်။ ၁၆ မှာအစားထိုးတစ်ခု၊ ၁၇ မှာ (၁၇-က) ဖြည့်စွက်တစ်ခု၊ ပုဒ်မ ၂၃နဲ့၂၅ မှာတော့ အစားထိုး တစ်ခုစီ၊ အခန်း(၈) နောက်မှာလည်း (၈-က)ဆိုတာ အစားထိုးထားပြီး ပိုဒ်ခွဲ သုံးခုဖြည့်စွက်တယ်၊ ပုဒ်မ၂၆ မှာ ပယ်ဖျက်တစ်ခု၊အစားထိုး နှစ်ခု၊ သုံးခုဖြည့်စွက်တယ်။ ပုဒ်မ-၂၇နဲ့ ၃၀ ကိုတော့ တစ်ပိုဒ်လုံးအစားထိုးခဲ့တယ်။

မေး – ဟုတ်ကဲ့ဆရာ၊ အခုပြင်ဆင်လိုက်တဲ့ထဲမှာ အရေးယူလေ့ရှိတဲ့ပုဒ်မ- ၁၅ တစ်ခုနဲ့ ၁၆(ခ)ကိုပဲ တွေ့ရတယ်၊ ကျန်တဲ့ ၁၆ ကနေ ၂၁ အထိပုဒ်မတွေကို နဂိုအတိုင်းပဲထားထားတာကိုတွေ့ရပါတယ်။ ဒီအဓိပ္ပာယ်က လက်ဝယ်တွေ့ရင် အရင်လိုဖမ်းမယ်လို့ ဆိုလိုတာလားခင်ဗျ။

ဖြေ – ဟုတ်ပါတယ်။ အခုပြင်ဆင်တဲ့ ဥပဒေက သုံးစွဲတဲ့သူတွေအတွက် အဓိကထားပြင်ဆင်ပေးထားတာပါ။ ဒီ ဥပဒေက သုံးစွဲတဲ့ကိစ်္စကို အထူးတလည်ပြင်ထားတာလို့ မြင်တယ်။ ကျွန်တော်တို့မြင်နေတာပဲ မြစ်ကြီးနားမြို့ ပေါ်မှာတော်တော်များများ မူးယစ်ဆေးသုံးနေတယ်၊ ထောင်ထဲမှာလည်း မူးယစ်တရားခံတွေကပိုများတယ်၊ ထောင်ထဲမှာ အရွယ်ကောင်းလေးတွေ နှစ်ရှည်လများနဲ့ ကျခံနေရတယ်၊ လူ့အရင်းအမြစ်တွေဆုံးရှုံးနေတယ်၊ လူ့အရင်းအမြစ်တွေဆုံးရှုံးတာဟာ မိသားစုအတွက်ရော တိုင်းပြည်အတွက်ပါမကောင်းဘူးလေ။ ဒါကြောင့်မို့ နဂိုက မူးယစ်ဆေးဝါးသုံးစွဲကြောင်းထင်ရှားရင် ထောင်သုံးနှစ်ကနေ ငါးနှစ်အထိချလို့ရတဲ့ ပုဒ်မ ၁၅ ကို အထူးတလည်လုပ်ပြီး ပြင်သွားတယ်၊ ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ပေးမယ်ပေါ့။

 

မေး – အဲဒီဥပဒေပြင်ပြီးနောက်မှာ လူမှုရေးပြစ်ဒဏ်ဆိုတာကို လူငယ်တွေထင်နေကြတာက လွတ်လွတ်လပ်လပ်သုံးလို့ ရပြီလို့ထင်နေကြတယ်။ မူးယစ်ဆေးဝါး သုံးဂရမ်လောက် လက်ထဲမှာကိုင်ထားရင်လည်း အဖမ်းမခံရတော့ဘူးလို့ ထင်နေကြတယ်၊ သူတို့အထင်မှန်လား ဆိုတာလေးလည်းပြောပြပေးပါဦးဆရာ။

ဖြေ – ဒါက သူတို့ထင်တာ မှားနေတယ်ဗျ၊ အခုဖြည့်စွက်လိုက်တဲ့ ပုဒ်မ-၉(ဈ)မှာ  “မည်သူမဆို ဆေးဝါးသုံးစွဲသူ သို့မဟုတ် ဆေးဝါးသုံးစွဲကြောင်းသံသယရှိသူနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးပို့အကြောင်းကြားနိုင်သည်”လို့ပါတယ်ဗျ။ သူတို့ကိုလွတ်လွတ်လပ်လပ်အသုံးခိုင်းတာမဟုတ်ဘူး၊ သူတို့သုံးနေတာတွေ့ရင် ဘယ်သူကမဆို ရဲကို အကြောင်းကြားလို့ရတယ်။

 

မေး – တစ်ယောက်ယောက်ကအကြောင်းကြားလို့ ရဲကတွေ့ပြီး ဖမ်းဆီးသွားပြီး ဘာဆက်လုပ်ရမယ်လို့ ဆိုထား လဲခင်ဗျ။

ဖြေ – အဲဒီပုဒ်မ ၉(ဃ)မှာပဲပါတယ်ဗျ။ “ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမဆေးစစ်ချက်ခံယူရန်နှင့် ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဌာန၊ ဂေဟာသို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရကအသိအမှတ်ပြုထားသည့် အနီးဆုံးဆေးကုသဌာန၊ ဂေဟာသို့ ဆောလျင်စွာပို့အပ်ရမည်”လို့ပါတယ်ဗျ။ ဖမ်းမိတဲ့သူကို ဆေးရုံပို့ မှာပေါ့ဗျာ။ လက်လွတ်စပယ်သုံးခိုင်းတာတော့ မဟုတ်ဘူး။ ပြည်သူချင်း ပြန်ထိန်းခိုင်းတဲ့သဘောပဲ။ နဂိုကတော့ မိဘတွေက ကိုယ့်သားသမီးတွေ မူးယစ်ဆေးဝါးသုံးနေတာတွေ့ပေမယ့် ရဲကိုအကြောင်းမကြားရဲဘူး။ ထောင် အကြာကြီးကျမှာစိုးလို့၊ အခုတော့ ဘိန်းဖြတ်ဆေးရုံပို့မှာဆိုတော့ ရဲရဲတင်းတင်းပြောရဲလာကြမယ်၊ ဘိန်းဖြတ်ဂေဟာမှာ စည်းကမ်းချက်တွေ၊ ညွှန်ကြားချက်တွေမလိုက်နာဘူးဆိုရင်တော့ တရားရုံးကိုပို့ပြီး တရားရုံးကအမိန့်ချတဲ့အတိုင်း လူမှုရေးပြစ်ဒဏ်တစ်မျိုးမျိုးကို တစ်ရက်နှစ်နာရီနှုန်းနဲ့ နာရီပေါင်း ၂၄၀ ကနေ ၃၆၀ အထိ လုပ်ရမယ်ပေါ့ဗျာ။

 

မေး – တချို့က ဒီလိုပြင်ဆင်တာကို မကြိုက်ကြဘူးလို့ကြားတယ်ဗျ၊ လူငယ်တွေကို မူးယစ်ဆေးဝါးသုံးအောင် မြှောက်ပင့်ပေးနေသလိုဖြစ်နေတယ်လို့ပြောကြတယ်၊ ဆရာ့အနေနဲ့ရော ဥပဒေပြင်ဆင်လိုက်တဲ့အပေါ် ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ – ကျွန်တော့်အမြင်ကတော့ ၀မ်းသာတယ်။ အရင်ဥပဒေက မူးယစ်ဆေးဝါးသုံးစွဲ/မသုံးစွဲကို ဆီးစစ်ပြီးတိုင်း တာတယ်။ ဆီးမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းတွေ့ရင် တရားရုံးက ထောင်ဒဏ်သုံးနှစ်ကနေ ငါးနှစ်ချတယ်။ အခုဥပဒေက အဲဒီဆီးကိစ်္စကို ပြင်လိုက်တာပဲ။ ဆီးပေါ်ရင် ဆေးရုံတက်ရမယ်။ အဲဒီတော့ မသမာမှုတွေ လျော့ကျသွားမယ်၊ လာဘ်စားမှုတွေ လျော့သွားမယ်။ အရင်ဥပဒေက မူးယစ်မှုနဲ့အဖမ်းခံရတဲ့သူကို သုံးစွဲမှုပုဒ်မ ၁၅ တန်းတပ်ပြီးသားပဲ။ ဒီတော့အဖမ်းခံရတဲ့သူက ပုဒ်မ- ၁၅ ပြုတ်အောင်လိုက်ရတယ်။ ဆီးမပေါ်အောင်၊ ထောင်ငါးနှစ်သက်သာအောင် ငွေသိန်းပေါင်း သုံးလေးငါးဆယ်အကုန်အကျခံပြီး ဆီးစစ်တဲ့ဆေးရုံကို လိုက်နေရတယ်။ ဆီးစစ်တာကို ငွေနဲ့ဝယ်နေရတဲ့စနစ်ကြီးကို ပြင်လိုက်နိုင်တဲ့အတွက် ကျွန်တော်ကတော့ တော်တော်လေးကို ကြိုဆိုပါတယ်။ သုံးစွဲနေတဲ့လူကို ပြုပြင်ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပဲ။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရင်တော့ နဂိုအတိုင်းဖမ်းမှာပဲလေ အဲဒါတော့ ပူစရာမလိုပါဘူး။

အခုက ထောင်တွေမှာလည်း လူတွေကပြည့်နေပြီလေ။ (မြန်မာနိုင်ငံရှိ အကျဉ်းသားဦးရေ၏ ၇၀ ရာခိုင် နှုန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်)။ နေရာတကာ အစိုးရကိုချည်းပဲ အားကိုးနေလို့မရဘူး၊ ကိုယ့်သားသမီးသူ့သားသမီးတွေကို ကိုယ့်ဟာကိုယ် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ ကိုယ်လည်းတာဝန်ရှိတယ်လေ။ လူတွေကို ထောင်ထဲထည့်ထားတာနဲ့ တိုင်းပြည်အတွက် ဘာမှအကျိုးမရှိဘူး။ နိုင်ငံတော်စရိတ်ကုန်တယ်၊ တစ်နှစ်တစ်နှစ်ကို လူဦးရေရာကြီးပိုင်း၊ ထောင်ပိုင်းလောက် ထောင်ထဲရောက်နေတာ ဘာမှအကျိုးမရှိဘူး။ ထောင်ထဲရောက်လို့များ အဲဒီလူတွေပြတ်မယ်ထင်လို့လား။ ပြန်ထွက်လာရင်ချတာပဲ၊ ထောင်ထဲမှာ ပညာတွေတောင် ပြန်စုံလာသေးတယ်။ ဘိန်းဖြတ်ဆေးရုံတက်လည်း ဒီတိုင်းပဲ၊ အခုလိုလုပ်လိုက်ပြီး အချိန်မီစာရိတ်္တပိုင်းပြင်ပေးမယ်ဆိုရင် နိုင်ငံတော်အတွက် သားကောင်းသမီးကောင်းတွေ ထွက်လာမှာပါ။     ပုဒ်မ- ၁၅ သုံးစွဲမှုဆိုတာလည်း မပြင်ခင်ကအဓိပ္ပာယ်မရှိဘူးလေ၊ သုံးစွဲမှုတစ်မျိုးတည်းနဲ့ ထောင်ချတယ်ဆိုတာရှိမှမရှိတာ။ မှတ်ပုံတင်ပြီးသုံးရမယ်၊ မှတ်ပုံမတင်ရင် ပုဒ်မ ၁၅ နဲ့အရေးယူမယ်ဆိုတာလည်း အဓိပ်္ပါယ်မှမရှိတာ၊ မှတ်ပုံကလည်း တင်ခွင့်မပေးဘူးလေ။

 

မေး – ဒါဆို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရင်တော့ နည်းနည်းများများ နဂိုအတိုင်း ဖမ်းဆီးအရေးယူမှာပေါ့နော်။

ဖြေ – အရင်အတိုင်း အရေးယူမှာပဲလေ။ အခုဟာက သုံးစွဲတဲ့ကိစ်္စကိုပဲထိတာ၊ ကျန်တဲ့ပုဒ်မတွေ ထိမထားဘူး။

 

မေး – ဥပဒေပြင်လိုက်ခြင်းအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု တိုက်ဖျက်ရေးလုပ်ငန်းက ထိရောက်မယ်လို့ ဆရာထင်လားဗျ။

ဖြေ – ထိရောက်နိုင်ပါတယ်။ ဒီဥပဒေအတိုင်း မူဝါဒတစ်ရပ်အနေနဲ့ ဖော်ဆောင်ပြီးလုပ်မယ်ဆိုရင်၊ လူထုလည်း ပါဝင်မယ်ဆိုရင်တော့ အင်မတန်ထိရောက်မယ့်ကိစ်္စပါ။ မိဘတွေကလည်း ထောင်ထဲ သုံးလေးနှစ်ထက်စာရင် ထည့်မှာပဲလေ။ လူမှုရေးပြစ်ဒဏ်ဆိုတော့ အစ်ကိုဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်။ ဟယ်လို .. ကျွန်တော့်သား မူးယစ်ဆေးဝါးသုံးတယ်… ဒါပဲ..ပြီးပြီ။ နို့မို့ဆိုရင် ဒီကောင်တွေက ပိုပိုဆိုးလာဖို့ပဲရှိတယ်။ နိုင်ငံတော်က ဖြတ်လည်း ဖြတ်ပေးတယ်။ ပညာတွေ ဘာတွေလည်း သင်ပေးဦးမယ်ဆိုတော့ ထိရောက်မှာပါ။ ပြုပြင်ပြောင်းလဲရေး အမြင်အရတော့ တော်တော်ကြီးကို လက်ခံရမယ့်အနေအထားမှာရှိပါတယ်။

 

မေး – တချို့သိချင်နေကြတာက ဒီဥပဒေအတည်မပြုခင်အဖမ်းခံထားရပြီး ထောင်မကျသေးတဲ့သူတွေကော ဒီဥပဒေရဲ့အကျိုးကို ခံစားရနိုင်လား ဆိုတဲ့ကိစ်္စဆရာ။

ဖြေ – အကျုံးမ၀င်ဘူး၊ ဒီဥပဒေအတည်ပြုပြီးနောက် အဖမ်းခံရတဲ့သူများသာလျှင် အကျုံးဝင်ပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာရော ဖော်ပြထားတယ်။ နောက်ကြောင်းပြန်အာဏာ သက်ရောက်အောင် ပြဋ္ဌာန်းခွင့်မရှိစေရလို့ ပါတယ်။

 

မေး – ဟုတ်ကဲ့ ဥပေဒေကို အဓိပ္ပာယ်ကောက်လွဲမှားပြီး ပြည်သူတွေ အန္တရာယ်မဖြစ်အောင် အခုလိုရှင်းလင်းဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ဆရာ့ကို ကျွန်တော် မေးဖို့ကျန်ခဲ့တာရှိရင်ဖြစ်ဖြစ်၊ ဆရာ့အနေနဲ့ စာဖတ်ပရိသတ်ကိုပြောလိုတာဖြစ်ဖြစ် တစ်ခုခုဖြည့်စွက်ပြောပေးပါဦး။

ဖြေ – ကျွန်တော်ပြောချင်တာကတော့ မိဘတွေကိုပါ။ ကိုယ့်သားသမီးတွေ အချုပ်ထဲရောက်၊ ထောင်ထဲရောက် ရုံးထုတ်တွေ ခဏခဏလာငွေကုန်ကြေးကျခံ၊ တရားရင်ဆိုင်မလား။ ကိုယ့်သားသမီးတွေ သုံးစွဲတာသိသိချင်း ဆေးကုသမှုခံဖို့ သက်ဆိုင်ရာကိုအကြောင်းကြားမလား စဉ်းစားစေချင်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဖမ်းသွားတဲ့အချိန်ထိစောင့်နေမှာလား။ သူအချုပ်ထဲရောက်၊ ထောင်ထဲရောက်မှ ထောင်ဝင်စာလာပေး၊ သူလိုတာဝယ်ပေးလုပ်ပြီး ဟိုဌာနဆိုင်ရာကို မျက်နှာငယ်နဲ့တွေ့၊ ဒီဌာနဆိုင်ရာကို မျက်နှာငယ်နဲ့တွေ့ လုပ်မလား။ သုံးတာသိသိချင်း စာရိတ္တပြုပြင်တဲ့ဘက်ကို သွားမလား။ မိဘတွေကို စဉ်းစားဖို့တိုက်တွန်းချင်တာပါ။

ဇော်နိုင်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here