နှင်းတောင်ပေါ်က ယဉ်ကျေးမှု

1585

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်သံဈေးရှိ Yangon Book Plaza တွင် အမျိုးသားစာဆိုကြီးမင်းသုဝဏ်၏ ၁၀၉ နှစ်ပြည့်မွေးနေ့အခမ်းအနားပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

ဆရာကြီးမင်းသုဝဏ်သည် ယခုသမ္မတကြီးဦးထင်ကျော်၏ ဖခင်လည်းဖြစ်သည်။ ထိုပွဲတွင် ထမနဲစတုဒီသာ၊ ကဗျာရွတ်ပွဲ၊ အမှတ်တရ ဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။ ဤတွင် ဆရာကြီးကို လေးစားကြည်ညိုမိသော အကြောင်းအရာလေးတစ်ခုကို ပြန်လည်အမှတ်ရမိခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ကျရောက်သော ၁၇ ကြိမ်မြောက် ပြည်ထောင်စုနေ့သို့  တိုင်းနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

ထိုတက်ရောက်လာကြသော တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲတွင် တိုင်းရင်းသားအချင်းချင်း လွယ်လင့်တကူ လေ့လာနိုင်မည့် တိုင်းရင်းသားအမြင်ဖြင့်ပြုစုထားသော တိုင်းရင်းသားများ၏ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များ အထူးလိုအပ်လျက်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးချက်များကို အကောင်အထည်ဖော်သည့်အနေဖြင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့်ပတ်သက်သော ကျမ်းတစ်စောင်ပြုစုရန် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်ကို အစိုးရမှတာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် သမိုင်းဌာနမှ ဆရာ၊ ဆရာမများက  တိုင်းရင်းသားလူမျိုးများနှင့်သက်ဆိုင်သည့် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ပုံနှိပ်ထားသမျှသော ကျမ်းအစောင်စောင်ကိုလည်းကောင်း၊ မှတ်တမ်းများ၊ အစိုးရအစီရင်ခံစာများကိုလည်းကောင်း၊ ကျောက်စာများ၊ ပေစာများ၊ ပုရပိုက်များကိုလည်းကောင်း၊ အချိန်ယူလေ့လာ၍ မှတ်တမ်းတင်ခဲ့ကြသည်။

သို့သော် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံခြားသားများပြုစုခဲ့သော စာအုပ်အများစုမှာ ၎င်းတို့၏  ယူဆချက်၊ ထင်မြင်ချက်၊ ဆန္ဒစွဲများ ဖုံလွှမ်းနေသဖြင့် အကိုးအကားပြုရာတွင် များစွာခက်ခဲသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် အချက်အလက်ပြည့်စုံမှန်ကန်စေရန်အတွက် ကွင်းဆင်းလေ့လာမှုများ၊ သက်ဆိုင်ရာဦးစီးအဖွဲ့ဝင်များနှင့် ညှိနှိုင်းမှုများကို ဆောင်ရွက်စေခဲ့သည်။ ကွင်းဆင်းမှုများကို ဘားအံတွင်ပြုလုပ်သော ၁၈ ကြိမ်မြောက် ပြည်ထောင်စုနေ့မှ စတင်ပြုလုပ်ခဲ့သည်။

ထိုစဉ်က ပြည်ထောင်စုနေ့သို့ တက်ရောက်ကြသော ကိုယ်စားလှယ်တော်ကြီးများအနက်မှ ၅၁၂ ဦးကို  သမိုင်းဌာန၊ မနုဿဗေဒဌာနများမှ ဆရာ၊ ဆရာမများက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကိုယ်စားလှယ်တော်ကြီးများထံမှ သက်ဆိုင်ရာ တိုင်းရင်းသားများနှင့်ဆိုင်သော အချက်အလက်များကို မှတ်တမ်းတင်ခဲ့ကြသည်။ နောက်ဆုံး ပြည်နယ်နှင့်တိုင်းဦးစီးအဖွဲ့များနှင့် ညှိနှိုင်းစိစစ်တည်းဖြတ်ပြီးသောအခါ တိုင်းရင်းသားလူမျိုးများအလိုက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စသည်ဖြင့် စာအုပ်များကိုခွဲခြား၍ ထုတ်ဝေခဲ့သည်။ ဤသို့ဖြင့် “တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ကချင်)”စာအုပ်မှာ ၁၉၆၇ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့လေသည်။

စာရေးသူသည် ၎င်းစာအုပ်ကို ဖတ်ညွှန်းအနေဖြင့် “ပြည်ထောင်စုနေ့မှ အစပြုလိုက်သည့် ကချင်ရိုးရာဓလေ့ထုံးစံများစာအုပ်”ဟူသော ဆောင်းပါးတစ်ပုဒ်ကို ရေးသားဖြစ်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ပြုစုခဲ့သောစာအုပ်ဖြစ်သဖြင့် ပိုမိုပြည့်စုံကောင်းမွန်သော ထပ်မံပြုစုသင့်ကြောင်းလည်း ရေးသားခဲ့သည်။ လွန်ခဲ့သောရက်ပိုင်းက ဆရာမောင်သာနိုး၏ ဝေဖန်ရေးနှင့် ကျွန်တော်စာအုပ်ကိုဖတ်ရှုမိရင်း ဝေဖန်စာများကို ဖတ်ရှုလိုသော ဆန်္ဒဖြစ်ပေါ်မိသည်။ ထို့ကြောင့် ဆရာကြီးမင်းသုဝဏ်၏ မြန်မာစာအုပ်များ ဝေဖန်ချက်စာအုပ်နှင့်ဆရာမောင်စွမ်းရည်၏ ပြည်သူ့ရှုထောင့်စာအုပ် ဝေဖန်ချက်များစာအုပ်များကို ပြန်လည်ဖတ်ရှုမိခဲ့သည်။ ဆရာကြီးမင်းသုဝဏ်၏ စာအုပ်ဝေဖန်ချက်များမှာ ဒို့ကျောင်းသားစာစောင်၊ ဒို့ကျောင်းသားစာအုပ်စင်ကဏ္ဍမှ ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်ပြီး ဆရာမောင်စွမ်းရည်၏စာအုပ်ဝေဖန်ချက်များမှာ လူထုသတင်းစာတွင် ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သော ဆရာကြီးမင်းသုဝဏ်ကို လေးစားကြည်ညိုမိသောအကြောင်းကို ပြန်ကောက်ရသော် ဆရာကြီးမြန်မာစာအုပ်ဝေဖန်ချက်များတွင် “နှင်းတောင်ပေါ်က ယဉ်ကျေးမှု”ဟူသော စာအုပ်အကြောင်းလည်း ပါဝင်ခဲ့သည်။ ထိုစာအုပ်မှာ စာရေးသူ “ပြည်ထောင်စုနေ့မှ အစပြုလိုက်သည့် ကချင်ရိုးရာဓလေ့ထုံးစံများစာအုပ်” အမည်ဖြင့်ရေးသားခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ(ကချင်)” စာအုပ်အကြောင်းပင်ဖြစ်သည်။ စာအုပ်ချင်းတူသော်လည်း ဆရာကြီး၏နာမည်မှာ “နှင်းတောင်ပေါ်က ယဉ်ကျေးမှု”။  မူရင်းစာအုပ်နှင့်အလွန်လိုက်ဖက်ကာ လှသောကဗျာဆန်သော နာမည်လေးပင်။ ထို့ကြောင့်ပင် လူအများက နုရွလှပသောစကားလုံးများကိုကြားလျှင် “လှလိုက်တာ၊ ကဗျာဆန်လိုက်တာ”ဟု ပြောဆိုကြခြင်း ဖြစ်ပေလိမ့်မည်။ ဆရာကြီးမှာလည်း အထင်ကရကဗျာဆရာကြီးဖြစ်နေ၍လားမပြောတတ် လှလိုက်ကဗျာဆန်လိုက်သည့်နာမည်လေးကို ရွေးခဲ့လေသည်။

နှင်းတောင်ပေါ်က ယဉ်ကျေးမှု ဆောင်းပါးတွင် ဆရာကြီးက စိတ်ပါဝင်စားဖွယ်ကောင်းသော ကချင်တို့၏ရိုးရာဓလေ့ထုံးစံများကို ဖတ်ရှုရကြောင်းဆိုသည်။ ဝေဖန်ချက်အနေနှင့်မှု “ပထဝီအနေအထားအခန်းတွင် ရာသီဥတုအကြောင်း၊ ပကတိပေါက်ပင်များအကြောင်း၊ သယံဇာတပစ်္စည်းများ အကြောင်းစသော  သိသင့်သိထိုက်သည့်အကြောင်း အရပ်များကို ဖတ်ရသည့်အခါ သားငှက်တိရစ္ဆာန်တို့အကြောင်းပါမလာသည်မှာ ထင်ပေါ်လာပါသည်”ဟု ဆိုသည်။ ဆက်လက်၍ “ယခုအခါတွင်ကား မြန်မာ့ကျေးငှက်တိရစ်္ဆာန်တို့  အလွန်ပြုန်းတီးသွားလေသည်။ ကချင်ပြည်နယ်စသော နယ်အနည်းငယ်လောက်တွင်သာ အသင့်အတင့်ကျန်နေရစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်အကြောင်းကိုရေးရာတွင် ပကတိပေါက်ပင်နှင့် သယံဇာတပစ်္စည်းများအကြောင်းကို ထည့်သည့်နည်းတူ ကျေးငှက်တိရစ္ဆာန်တို့၏ အကြောင်းကိုလည်း ထည့်သင့်သည်ထင်သည်”ဟု ဆိုခဲ့သည်။

ထို့ပြင် စာမျက်နှာ ၁၃ တွင် ပါဝင်သော အပူပိုင်းအမြဲစိမ်းလန်းဒေသသစ်တောများတွင် သစ်ဆွေးလွယ်ပင် ပေါက်သည်ဆိုသည်မှာ မှားကြောင်း၊ အမှန်မှာ သစ်ဆွဲလွဲပင်ဖြစ်ကြောင်း ထောက်ပြသည်။ ဝါးပိုးမျက်ဆံကြီးဆိုသည်မှာလည်း ဝါးပိုးမျက်ဆန်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ဆက်လက်၍ အောက်ခြေတွင် အင်္ဂလိပ်စာဖြင့် မှတ်ချက်ပေးသည်မှာလည်း ယခုထက်ပို၍ ပီသမှန်ကန်ဖို့လိုကြောင်း၊ အက်္ခရာဝလီအညွှန်း (အင်ဒက်)ပေးနိုင်လျှင် ကောင်းမည်ဖြစ်ကြောင်း၊ ကချင်ဝေါဟာရအဘိဓာန်လည်း ပါသင့်ကြောင်း ဝေဖန်ခဲ့လေသည်။ အချုပ်ဆိုရသော် ဆရာကြီး၏နှင်းတောင်ပေါ်က ယဉ်ကျေးမှုစာအုပ်ဝေဖန်ချက်များကို ဖတ်ရှုမိရင်း ဆောင်းပါးနာမည်ပေးပုံ၊ အားနည်းချက်များကို ထောက်ပြပုံ၊ အမှားများကို ပြင်ဆင်ပေးပုံများနှင့်ပတ်သက်၍ များစွာပညာရခဲ့သည်။ တစ်နည်းအားဖြင့် စာအုပ်ဝေဖန်ချက်နှင့်ပတ်သက်၍ များစွာပညာရခဲ့ပါသည်။ ထို့ကြောင့် ဆရာကြီး၏ပညာရိပ်ကိုခိုလှုံနေသော တပည့်သားမြေးတစ်ဦးအဖြစ် ဆရာကြီးအသက် ၁၀၉ နှစ်ပြည့်မွေးနေ့အခမ်းအနားတွင် ဆရာကြီး၏ပညာဂုဏ်ကို ဦးခိုက်ကန်တော့မိခဲ့ပါတော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here