ဇူလိုင်၊၃၀
ကြံ့ခိုင်တဲ့စိတ်ဓာတ်အပြင် နောက်မဆုတ်တဲ့ စိတ်ဓာတ်တွေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်တဲ့အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြဖို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့(AA,TNLA,MNDAA) က တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ရှမ်းမြောက်မှာ စတင်ဖော်ဆောင်လာတဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်ရပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဒုတိယလှိုင်းအနေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသက တပ်စခန်း အများအပြားနဲ့ မြို့တွေကို လက်လွှတ်ခဲ့ရသလို ဇွန်လက ပြန်စလာတဲ့ စစ်ဆင်ရေး ဒုတိယလှိုင်း မှာလည်း နောက်ထပ်မြို့တွေနဲ့ တပ်စခန်းတွေကို လက်လွှတ်နေရပါတယ်။
စစ်ဆင်ရေး ပထမလှိုင်းကတည်းကနေ လက်ရှိ ဒုတိယလှိုင်းအထိ မဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ချိန် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်ဆည်းရမိသလို စစ်သုံ့ပန်းတွေသာမက လက်နက်ချအလင်းဝင်ရောက်လာသူတွေလည်း ရှိခဲ့ပါတယ်။
စစ်ဆင်ရေး ဒုတိယလှိုင်းစတင်တဲ့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို MNDAA နဲ့ တော်လှန်ရေးတပ်တွေဝင်ရောက်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နောက် ဇူလိုင် ၂၆ ရက်နေ့ကပဲ MNDAA က လားရှိုးမြို့လွတ်မြောက်ရေးအတွက် ၂၃ ရက်တိုင် တိုက်ခိုက်ပြီးတဲ့ နောက် လွတ်မြောက်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တအာင်းတပ်မတော် TNLA နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ နောင်ချိုမြို့၊ မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့တွေကို ထိန်းချုပ်နိုင်ခဲ့သလို မိုးမိတ်နဲ့ ကျောက်မဲတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)လို တပ်တွေကလည်း ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲနေတာကို တွေ့ရပါတယ်။
အဲဒီလို တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး ဒီကနေ့မှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်အာဏာရှင်ကို အမြစ်ပြုတ်တဲ့အထိ ဆက်လက်တိုက်ခိုက်ကြဖို့ တိုက်တွန်းလာတာပါ။
ညီနောင်မဟာမိတ်တပ်တွေဟာ စစ်ဆင်ရေးပထမလှိုင်းတုန်းက ရှမ်းမြောက်ဒေသမှာရှိတဲ့ မုံးကိုး၊ကုန်းကြမ်း၊ချင်းရွှေဟော်၊ကွမ်းလုံ၊လောက်ကိုင်၊ဖောင်းဆိုင်၊ပန်ဆိုင်း၊သိန္နီ၊နမ့်ခမ်း၊နမ္မတူ၊
မန်တုံ၊နမ့်ဆန်၊ကွတ်ခိုင်၊မိုင်းငေါ့၊မိုင်းလုံ၊တာမိုးညဲ၊ဟိုပန်၊ပန်လုံ စတဲ့မြို့တွေကို ထိန်းချုပ် သိမ်းပိုက်ခဲ့ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး ယန္တရားတွေကို ဖော်ဆောင်နေတာဖြစ်ပါတယ်။
အရက္ခတပ်တော် AA ကလည်း ရခိုင်ဒေသက ပေါက်တော၊ မင်းပြား၊မြေပုံ၊ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ဘူးသီးတောင်နဲ့ ရခိုင် – ချင်းအစပ်က ပလက်ဝမြို့ တွေကို ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်စခန်း ကျန်ရှိနေသေးတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ကချင်ပြည်နယ်မှာလည်း မတ်လအစောပိုင်းက စတင်ခဲ့တဲ့ ထိုးစစ်ဆင်တိုက်ပွဲဟာ ဝိုင်းမော်မြို့ အနီးနားထိရောက်ရှိခဲ့ပြီး မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်က စစ်ကောင်စီရဲ့ တပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့သလို အခုဇူလိုင်လပိုင်းမှာ ပြန်ပြီးတော့ မိုးမောက်နဲ့ ဗန်မော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကို အားပေးထောက်ခံကြတဲ့ ပြည်သူတစ်ရပ်လုံးကို အလေးအနက် ကျေးဇူးတင်ရှိကြောင်းလည်း ပြောဆိုလာပါတယ်။
ဒါ့အပြင် စစ်အာရှင်ပြုတ်ကျရေးအတွက် အကြမ်းမဖက်နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြီး တော်လှန်ရေးကို ဒီကနေ့အထိ ဝိုင်းရံပေးနေတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ တော်လှန် စိတ်ဓာတ်ကိုလည်း ညီနောင်သုံးဖွဲ့က အလေးနက်ထား ချီးကျူးဂုဏ်ပြုကြောင်းကိုလည်း ပြောဆိုထားပါတယ်။







