၂၀၂၅ မှာ အရပ်သားပါဝင်တဲ့ ကြားကာလအစိုးရဖြစ်အောင် ကြိုးပမ်းမယ်လို့ TNLA ကြေညာ

159

 

‌ဩဂုတ်၊ ၂၇

လာမယ့် ၂၀၂၅ ခုနှစ်မှာ အရပ်သားတွေနဲ့ ပူးပေါင်းအုပ်ချုပ်တဲ့ ကြားကာလ တော်လှန်ရေးအစိုးရ ပေါ်ပေါက်အောင် ကြိုးပမ်းသွားမယ်လို့ TNLA ရဲ့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောလိုက်ပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ ဗဟိုအထွေထွေအုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့ရဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ခရီးစဉ်မှာ ပြောခဲ့တာလို့ TNLA က ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

လက်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLA မှ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နှင့် အရပ်သားများပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောခဲ့သည်။ လို့ TNLA က အဲဒီခရီးစဉ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အဲဒီ ခရီးစဉ်ဟာ သြဂုတ်လ (၁၅)ရက်ကနေ (၁၈)ရက်နေ့အထိ ၄ ရက်ကြာပြီး ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် မြို့ ၃ မြို့က အခြေအနေတွေကြည့်ရှုတာနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲတွေကို လုပ်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အဲဒီတွေ့ဆုံမှု အခြေခံဝန်ဆောင်မှုဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးအမြန်ဆုံးရရှိအောင် ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ မြို့နယ်ထဲက CDM ဝန်ထမ်းတွေကို ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်အောင် ညှိနှိုင်းသွားမယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့နယ်က တစ်နိုင်တစ်ပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနဲ့ ရိက္ခာတွေ လွယ်လွယ်ကူကူ သယ်ယူနိုင်ရေးအတွက်လည်း အဆင်ပြေအောင် ကြိုးပမ်းသွားမယ့်အကြောင်းနဲ့ မြို့တွင်းအုပ်ချုပ်ရေးလည်ပတ်ဖို့ မြို့မိမြိုဖတွေပူးပေါင်းကြဖို့လည်း TNLA ခေါင်းဆောင်တွေက ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် မြို့တွေကိုတော့ ဇွန်လ ၂၅ ရက်နေ့ကစတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ TNLA နဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်လည်ပတ်လာအောင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ သီပေါကို သိမ်းပိုက်နိုင်ပြီလို့ TNLA က ထုတ်ပြန်ကြေညာခဲ့တဲ့အတွက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့မြို့တွေကို ၁၀၂၇ ဒုတိယပိုင်းမှာ စစ်ကောင်စီက TNLA ဆီ လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here