အာဏာသိမ်းကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ပြည်သူအများအပြားဟာ နိုင်ငံတစ်ဝှမ်းမှာရှိနေပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့ အခက်အခဲတွေနဲ့ လက်လှမ်းမမီတာတွေဟာ ငါးနှစ်ကျော်ကြာတဲ့အထိ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။
ငါးနှစ်အတွင်း စစ်ဘေးရှောင်ဦးရေတိုးမြင့်လာသလို နောက်ဆက်တွဲ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေလည်း မြင့်မားလာတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာလည်း စစ်ဘေးရှောင်ပြည်သူတွေ အများအပြားရှိနေပြီး ကျန်းမာရေးပြဿနာတွေကို သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေက အများဆုံး ရင်ဆိုင်နေရတယ်လို့ မြေပြင်မှာ စစ်ဘေးရှောင်တွေကို ကူညီဆေးကုသပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။
“အခုဆို နွေဦးရောက်ပြီးဆိုပေ့မဲ့ နွေရာသီအလားပူနေပြီး နေပူပူမှာ စစ်ရှောင်နေရတယ်။ ကိုယ့်ကျန်းမာရေးတောင် ဂရုမစိုက်နိုင်ဘဲ အသက်လေးတစ်မျှင်အတွက် မနည်းရုန်းကန်းပြေးနေရတဲ့ အခြေအနေ”လို့ Hand To Hand Association ဥက္ကဋ္ဌ ကိုဘုန်းခေတ်က ပြောပါတယ်။
ကိုဘုန်းခေတ်ဟာ စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့သူဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ကြောင့် ဆေးတွေတင်ပို့လို့မရသလို ဝယ်ယူဖို့လည်း ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။
အခုချိန်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဖျားနာမှုနဲ့ အရေပြားရောဂါတွေ အဖြစ်များပြီးတော့ စစ်ရှောင်စခန်းတစ်ခုလုံး ဖျားနာတာတွေဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
စစ်ရှောင်စခန်းတွေဆီ ဆေးကုထွက်နေရင်း ဆေးဝါးပြတ်လပ်တာမျိုးတွေ ကြုံတွေ့နေရသလို စစ်ကြောင်းထိုးလာတဲ့အချိန် ပြေးလွှာရင်း မူးမေ့လဲတဲ့သူတွေရှိပေမဲ့လည်း ပြေးလွှားနေရင်းနဲ့ ဆေးဝါးစောင့်ရှောက်မှုကိုတော့ မပေးနိုင်သေးဘူးလို့ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဖွဲ့တွေက ဆိုပါတယ်။
“တစ်လတစ်ခါ ဆေးဝါးစောင့်ရှောက်ပေးတယ်။ ဒါပေမဲ့ ပြေးလွှားနေရတဲ့အခြေအနေကျရင်တော့ စစ်ကြောင်းထိုးလာတဲ့အချိန် ရုတ်တရက်ဆန်တဲ့အချိန်ကျရင် ပြည်သူတွေရော ကိုယ်ရော ပြေးရတဲ့ အခြေအနေနဲ့ ကြုံသလို ဆေးကုပေမဲ့ အခက်အခဲကတော့ ဆေးဝါးမလုံလောက်တာပါ။” လို့ ကိုဘုန်းခေတ်က ဆက်ပြောပါတယ်။
ဆေးဝါးပြတ်လပ်မှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့တွေက ဆေးစာပဲ ရေးပေးနိုင်တဲ့ အခြေအနေတွေရှိသလို ဆေးဆိုင်တွေမှာလည်း ပမာဏာများများနဲ့ ဈေးကြီးပေးပြီး ဝယ်နေရတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“ယားနာကတော့ အသက်အရွယ်မရွေး ကူးကြတယ်။ တစ်စခန်းထဲနေ တစ်ရေထဲချိုးတော့ ကာလရှည်ကြာဖြစ်တာတော့ ကိုယ်ခံအားနည်းတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ပိုဖြစ်ကြတယ်၊”စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် အဆိုးဝါးဆုံးအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက စစ်ဘေးရှောင်ကလေးတွေ ကာကွယ်ဆေးကောင်းကောင်းမထိုးရတာနဲ့ အာဟာရမလုံလောက်တာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
“အာဟာရမလုံလောက်တာ ဖြစ်ကြတယ်။ ကိုယ်ခံအား မကောင်းတာတွေဖြစ်ကြတယ်။ သက်ကြီးရွယ်အိုတွေဆိုလည်း အာဟာရမလောက်လို့ စစ်ရှောင်ရင်း ထမင်းနပ်မမှန်လို့ သေကြရတာတွေတောင် ရှိပါတယ်။” လို့ ကိုဘုန်းခေတ်က အခြေအနေကို ရှင်းပြပါတယ်။
စစ်ဘေးရှောင်တွေကို မမေ့သွားဘဲ တတ်နိုင်သလောက် ကူညီထောက်ပံပေးဖို့လည်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေက အသိပေး နှိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ကြား ဘေးအန္တရာယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရတယ်လို့ UNOCHA Myanmar ကလည်း အသိပေးပါတယ်။
၂၀၂၅ ခုနှစ်ထဲ ပဋိပက္ခဒဏ်၊ မြေငလျင်ဒဏ်နဲ့ အာဟာရချို့တဲ့မှုဒဏ်တွေကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာမလုံလောက်မှု၊ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်တာကလည်း စိုးရိမ်ဖွယ်အဆင့်ထိ နိမ့်ကျနေတယ်လို့ UNOCHA Myanmar က ထောက်ပြထားတာပါ။
၂၀၂၆ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ လူဦးရေ ၁၆ ဒဿမ ၂ သန်းထဲက ၄ ဒဿမ ၉ သန်းကို ကူညီဖို့ လျာထားပြီး အဲဒီထဲက ၂ ဒဿမ ၆ သန်းကို ဦးစားပေး ကူညီဖို့ လျာထားတယ်လို့ UNOCHA Myanmar ကနေ အသိပေးထားပါတယ်။







