(ဆောင်းပါးတို)
မာရီယာ-ရေးသည်
ကိုယ့်ရင်သွေးတွေ စာသင်နေတဲ့ကျောင်းပေါ် လက်နက်ကြီးကျည်ကျမှာ၊ လေယာဉ်နဲ့လာပစ်သွားမှာမျိုးကို မစိုးရိမ်တဲ့မိဘမျိုး ဒီကမ္ဘာပေါ်မှာ ရှိမယ်မထင်ပါဘူး။
အခုလည်း အဲဒီလိုပါပဲ “ကျောင်းတွေဖွင့်တော့မယ်” ဆိုတဲ့ စကားသံတွေကြားတိုင်း ဒေါ်ကိုင်ဘူတစ်ယောက် ရင်တထိတ်ထိတ်နဲ့ ခြေတုန်လက်တုန် ဖြစ်နေပါပြီ။ ကလေးတွေကို ကျောင်းလွှတ်ရမယ့်အရေးဟာ အသက်နဲ့ရင်းရတဲ့ စွန့်စားမှုတစ်ခုလို ဖြစ်နေလို့ပါ။
ဘာကြောင့်လဲဆိုတော့ သူတို့နေထိုင်တဲ့နေရာဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်တဲ့ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာဖြစ်နေလို့ပါပဲ။
ဖားကန့်က ကျောင်းသားမိဘတွေ စိတ်ပူမယ်ဆိုရင်လည်း စိတ်ပူစရာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ဖားကန့်အထက်တန်းကျောင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသူ/သားလေးတွေ သွေးမြေကျခဲ့ရတဲ့ ဖြစ်ရပ်ဆိုး ရှိခဲ့ပါတယ်။
ဒေါ်ကိုင်ဘူကတော့ “ကလေးတွေရဲ့ ပညာရေးအတွက် ဘာအာမခံချက်မှ မရှိဘူး။”လို့ ပြောဆိုလိုက်ပြီး “ငါ့ကလေး ဒီနှစ်ကျောင်းတက်ရပါ့မလား။” ဆိုပြီးတော့လည်း သူစိတ်ပူနေတဲ့ ကိစ္စကို ပြောပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ လုံးခင်းကျေးရွာတစ်ဝိုက်မှာ လူနေရပ်ကွက်တွေအထိ တိုက်ပွဲတွေဖြစ်ပွားတဲ့အပြင် လက်နက်ကြီးပစ်ခတ်တာတွေ၊ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် ဖားကန့်ဒေသမှာ နေထိုင်နေကြတဲ့ မိဘတွေဟာ သူတို့ သားသမီးတွေ ဗုံးသံ၊ သေနတ်သံ မကြားရဘဲ အေးအေးချမ်းချမ်းနဲ့ စာသင်နေနိုင်မယ့် နေ့လေးတွေကို ဆန္ဒပြုနေကြတာပါ။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့တုန်းကဆိုရင်လည်း ဖားကန့်ဒေသက တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲဖြေရမယ့် ကျောင်းသူကျောင်းသားတွေဟာ တိုက်ပွဲတွေကြောင့် ကိုယ့်နယ်မြေမှာ လွတ်လွတ် လပ်လပ် ဖြေလို့မရတဲ့အတွက် ကာမိုင်းမြို့အထိ အခက်အခဲတွေကြားကနေ သွားရောက်ဖြေဆို ခဲ့ကြရပါတယ်။
ဒါတင်မကသေးပါဘူး။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တုန်းကလည်း စစ်ရေးအခြေအနေတွေကြောင့် ဖားကန့်က အစိုးရကျောင်းတချို့ကို စစ်အုပ်စုက တစ်ပတ်လောက် ပိတ်ခဲ့ဖူးပါတယ်။
တကယ်တော့ ဒါက အခုမှဖြစ်တာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေကတည်းက ကျောင်းတက်နေရင်း တိုက်ပွဲတွေဖြစ်လာတာကြောင့် မိခင်တွေဟာ ကလေးတွေကို ဘေးအန္တရာယ်တွေ ကြားထဲကနေ စိုးရိမ်တကြီး သွားခေါ်ခဲ့ကြရတဲ့ ဖြစ်ရပ်တွေလည်း အများအပြား ရှိခဲ့ဖူးတာပါ။
ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ ဘေးကင်းရာမြို့ကြီးတွေကိုပို့ပြီး ကျောင်းထားနိုင်ပေမဲ့ လက်လုပ်လက်စား မိသားစုတွေအတွက်တော့ ကလေးတွေရဲ့ ပညာရေးဟာ ဝန်ထုတ်ဝန်ပိုး ဖြစ်ရတဲ့အပြင် စိုးရိမ်မှုတွေပါ ထမ်းပိုးထားရတာပါ။
“ငွေမှမရှိဘဲ တစ်ခြားမြို့ကို ဘယ်လိုပြောင်းမလဲ။” လို့ ဒေါ်ကိုင်ဘူကပြောသလို “ပန်းတိုင်မရှိသလိုပဲ ဇဝေဇဝါ ဖြစ်နေတယ်။”လို့လည်း ပြောပါတယ်။
ဖာကန့်(လုံးခင်း)မှာ နှစ်ရှည်နေထိုင်လာတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ယောက်ကတော့ နှစ်ဖက်လက်နက်ကိုင်တွေအနေနဲ့ ကလေးတွေ ဘေးကင်းကင်း ပညာသင်ကြားနိုင်ရေး အထူးစဉ်းစားပေးဖို့ လိုတယ်လို့ ထောက်ပြပါတယ်။
သူထပ်ပြောတာက “သတ္တိရှိလို့ လက်နက်ကိုင်ကြရင် လူတွေနေတဲ့ မြို့ရွာတွေမှာ မတိုက်နဲ့။ လူမရှိတဲ့တောထဲမှာ သွားတိုက်ကြ။” ပါတဲ့။
အခုအချိန်မှာတော့ ဖားကန့်က ကျောင်းသားမိဘတွေဟာ ဖူးတံဝင့်နေတဲ့ ပန်းကလေးတွေပွင့်ဖို့အရေး ကျောင်းတွေပေါ် ကျည်မကျဖို့ တောင်းဆုပြုနေကြမယ် ဆိုတာကတော့ အသေအချာပါပဲ။
လုံခြုံရေးကြောင့် ဒေါ်ကိုင်ဘူဟု အမည်ပြောင်းလဲသုံးစွဲထားပါသည်။







