ရေးသူ – ခါကာဘို
“မြစ်ကြီးနားဟာ ကျွန်တော့်ရဲ့ အချစ်ဦး First Love ပါ။”
ဒီစကားကို ကိုယ်တိုင်ပြောခဲ့သူကတော့ ကချင်တောင်တန်းဒေသမှာ ဘဝတစ်လျှောက်လုံး နီးပါး မြှုပ်နှံခဲ့သူ၊ မြစ်ကြီးနားကို စတင်တည်ထောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို၊ ကချင်လူမျိုးစုတွေရဲ့ ပညာရေး၊ ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးရေးနဲ့ လူမှုဘဝတွေ တိုးတက်ရေး အတွက် အခိုင်မာဆုံး အုတ်မြစ်တွေကို ချပေးခဲ့သူ အမေရိကန်သာသနာပြု ဂျော့ဂျ်ဂျေဂိုင်းစ် (George J. Geis)ပဲ ဖြစ်ပါတယ်။
ဂျာမန်နွယ်ဖွားဖြစ်တဲ့ ဂိုင်းစ်ဟာ ၁၈၆၀ ခု ဝန်းကျင် အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး မြောက်အမေရိက ဂျာမန် နှစ်ခြင်းအသင်းတော် (German Baptists in North America) မိသားစုတွင်းမှာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။
အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့ (American Baptist Missionary Union) ရဲ့ သာသနာပြုအဖြစ် ရွေးချယ်ခံရ ပြီးနောက် ၁၈၉၂ ခုနှစ်မှာ ဇနီးနဲ့အတူ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာပြည်မြောက်ပိုင်းဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အစိုးရအုပ်ချုပ်မှုလည်း တင်းကျပ်မထားနိုင်သေးတဲ့ တောင်တန်းဒေသ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ အစောပိုင်းက မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ သာသနာပြုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကချင်တောင်တန်းဒေသက မြစ်ကြီးနားကို အဓိကအခြေစိုက်ရာနေရာအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
မြစ်ကြီးနားကိုမသွားခင် ဗန်းမော်မြို့မှာ အခြေစိုက်ပြီး ကချင်ဘာသာစကားနဲ့ ယဉ်ကျေးမှုကို စတင်လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝရဲ့ အရေးအကြီးဆုံး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ဖို့ မြစ်ကြီးနားမြို့ဆီကို ခရီးဆက်ပြီး မြစ်ကြီးနား သာသနာပြုစခန်း (Myitkyina Mission Station) ကို တရားဝင် စတင်တည်ထောင်ခဲ့ပါတယ်။
နှစ်ခြင်းသာသနာပြု မဂ္ဂဇင်း Baptist Missionary Magazine (1897–1900) မှတ်တမ်းတွေမှာ မြစ်ကြီးနားဒေသဟာ အဲဒီအချိန်က “တောင်တန်းဒေသရှိ တိုင်းရင်းသားလူမျိုးစုများအတွက် သာသနာပြုလုပ်ငန်းနယ်မြေ (Hill Tribes Mission Field)” အဖြစ် သတ်မှတ်ခံရပြီး ကချင်လူမျိုးများနဲ့အတူ လီဆူ၊ ရှမ်း၊ လားဟူ နဲ့ ဝ ဒေသတွေအထိ သာသနာပြုလုပ်ငန်းများ တဖြည်းဖြည်း တိုးချဲ့ခဲ့ကြောင်း တွေ့ရပါတယ်။
ဂိုင်းစ်ရဲ့အရေးအကြီးဆုံး လုပ်ဆောင်မှုက ဘုရားကျောင်းတည်ဆောက်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ သူဟာ ပညာရေးကို အဓိကထားပြီး ကျောင်းဖွင့်လှစ်ခြင်း၊ ကျမ်းစာသင်တန်း (Bible Training School) များတည်ထောင်ခြင်း၊ ဒေသခံလူငယ်များကို ဆရာ၊ သာသနာပြုနဲ့ ခေါင်းဆောင်များအဖြစ် လေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ကချင်စာပေ ထွန်းကားရေးအတွက် ဆရာကြီး အိုလာဟန်ဆန် (Ola Hanson) နဲ့ လက်တွဲပြီး ကချင် အဘိဓာန်နဲ့ စာအုပ်စာပေတွေ ထွက်ပေါ်လာဖို့ကိုလည်း နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးခဲ့ပါတယ်။
၁၉၀၈ ခုနှစ်ထုတ် အမေရိကန် လူမျိုးဗေဒပညာဂျာနယ် (American Anthropologist) ထဲမှာလည်း သူတို့လို သာသနာပြုတွေဟာ ဒေသခံဘာသာစကားနဲ့ ယဉ်ကျေးမှုကို လေ့လာမှတ်တမ်းတင်ခဲ့ကြောင်း ဖော်ပြထားပြီး၊ ဒီအချက်က နောက်ပိုင်း ကမ္ဘာ့လူမျိုးဗေဒလေ့လာမှုတွေအတွက် အရေးကြီးတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဟာမန်ဂျီတီဂန်ဖယ်လ်တ် (Herman G. Tegenfeldt) ရဲ့ ကချင်နှစ်ခြင်းအသင်းတော်ရဲ့ တိုးတက်မှု ရာစုနှစ်တစ်ခု ၁၉၇၄ (A Century of Growth: The Kachin Baptist Church of Burma) မှာလည်း ကချင်နှစ်ခြင်းအသင်းတော်ရဲ့ အစောပိုင်းဖွံ့ဖြိုးမှုဟာ ဂိုင်းစ်နဲ့ အခြားသာသနာပြုတွေ ချမှတ်ခဲ့တဲ့ ပညာရေးစနစ်တွေနဲ့ နီးကပ်စွာ ဆက်စပ်နေကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဂိုင်းစ်ဟာ မြစ်ကြီးနားကို စတင်တည်ထောင်ခဲ့သူတွေထဲက သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ လမ်းတံတားနဲ့ အဆောက်အအုံတွေကို တည်ဆောက်ခဲ့သူ မဟုတ်ပေမယ့်၊ ပညာရေး၊ ခေါင်းဆောင်ဖွံ့ဖြိုးရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကတစ်ဆင့် မြစ်ကြီးနားရဲ့ လူမှုအဖွဲ့အစည်းအတွက် အရေးပါတဲ့ အုတ်မြစ်ကိုချခဲ့သူ ဖြစ်ပါတယ်။
အဲဒီအရာတွေထဲမှာ ဒေသခံလူထုအတွင်း ခေါင်းဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးလာစေရန် လေ့ကျင့်ပေးသည့် စနစ်များ၊ ပညာရေးဆိုင်ရာကျောင်းများနဲ့ ဘာသာရေးအသင်းတော်များ ပါဝင်ပါတယ်။
ဂိုင်းစ်ဟာ ကချင်ဒေသအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနဲ့ ကရင်နီဒေသတွေအထိ သွားရောက်ပြီး သာသနာပြုလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ချင်းတောင်တန်း ဒေသက ချင်းလူမျိုးစုတွေနဲ့ လီဆူလူမျိုးစုတို့ရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ပါဝင်ကူညီခဲ့ပြီး တိုင်းရင်းသား ဆရာဘသော် (Sara Ba Thaw) ကဲ့သို့သော ဒေသခံ ခေါင်းဆောင်တွေကို မြေတောင်မြှောက်ပေးခဲ့ပြီး လူမှုကူညီရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် လမ်းပြပေးခဲ့ပါတယ်။
၁၉၁၃ ခုနှစ်မှ တော့ ဂိုင်းစ်ဟာ ဆရာဘသော်ကို ယူနန်တောင်တန်းဒေသက လီဆူကျေးရွာတွေဆီ ခေါ်ဆောင်သွားခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာပဲ ဆရာဘသော်ဟာ သူနဲ့အတူ လီဆူစာပေအက္ခရာကို ဖန်တီး တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှသာသနာပြုဆရာ ဂျိမ်းစ် အောက်ထရမ် ဖရေဇာ (James Outram Fraser) ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုက နောင်တချိန် လီဆူစာပေသမိုင်းနဲ့ လီဆူခရစ်ယာန် အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
၁၉၁၈ ခုနှစ်မှာ ဂိုင်းစ်တို့ ဇနီးမောင်နှံဟာ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး လေးနှစ်ခန့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၂၂ ခု သူမြန်မာနိုင်ငံကို ပြန်လာချိန်မှာတော့ သူဟာ ကချင်တောင်တန်းဒေသမှာ လေ့ကျင့်ထားပြီးသား ခေါင်းဆောင်တွေ မလုံလောက်တဲ့ အခြေအနေကို သတိထားမိခဲ့ပါတယ်။
အမေရိကန် နှစ်ခြင်းသာသနာပြုအသင်း၏ ၁၉၃၇ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ မှာလည်း အဲဒီဒေသတွေမှာ အရည်အချင်းပြည့်မီပြီး လေ့ကျင့်မှုခံယူထားတဲ့ ဆရာများ မလုံလောက်ခြင်နှင့် အလွန်ရင်ဆိုင်နေရကြောင်း မှတ်တမ်းတင်ထားပါတယ်။
အဲဒါကြောင့် ၁၉၂၀ နှောင်းပိုင်းတွေမှာ ဗန်းမော် အရှေ့ တောင်တန်းဒေသနဲ့ ကျိုင်းတုံအရှေ့ဘက်ဒေသတွေမှာ “ကျမ်းစာသင်ကျောင်း (Bible School)” အသစ်တစ်ခုတည်ထောင်ဖို့ စီစဉ်ခဲ့ပြီး လီဆူ၊ ရှမ်း၊ လားဟူနဲ့ ဝ လူမျိုးစုတွေအတွက် ဆရာများကို လေ့ကျင့်ပေးနိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။
၁၉၃၀ ခုနှစ်မှာ ကချင်ခေါင်းဆောင် (၃) ဦးက ကချင်အသင်းတော်အတွက် သီးသန့် ကျမ်းစာသင်ကျောင်းတစ်ခု ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီတောင်းဆိုချက်ကို လက်ခံပြီး ၁၉၃၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ ဆရာကြီးဂိုင်းစ်ဟာ ယနေ့ မြစ်ကြီးနားမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ “ကချင်သီအိုလိုဂျီကောလိပ် နှင့် သာသနာပြု သင်တန်းကျောင်း (Kachin Theological College & Seminary / KTCS)” ရဲ့ ရှေ့ပြေး ကချင်ကျမ်းစာသင်ကျောင်း (Kachin Bible School) ကို ဗန်းမော်သာသနာပြုအခြေစိုက်စခန်း (Bhamo Mission Compound) ဝင်းအတွင်းမှာ ကျောင်းသား ၉ ဦးနဲ့ စနစ်တကျ တရားဝင်ဖွဲ့စည်း ဖွင့်လှစ်ခဲ့ပါတယ်။
ယနေ့တိုင် KTCS ဟာ ကချင်ခရစ်ယာန်အသိုင်းအဝိုင်းအတွက် ဓမ္မဆရာ၊ အသင်းတော်ခေါင်းဆောင်နဲ့ သာသနာပြုလုပ်သားတွေကို မွေးထုတ်ပေးနေတဲ့ အရေးပါဆုံး သာသနာရေးပညာရေးအဖွဲ့အစည်းတွေထဲက တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ဂိုင်းစ်ဟာ ကွတ်ခိုင်ဒေသမှာလည်း သာသနာပြုစခန်းတစ်ခုထပ်မံ တည်ထောင်ခဲ့ပါတယ်။
သူ့အသက် အသက် ၇၀ ဝန်းကျင်အထိ တောင်တန်းဒေသတွေကြား သင်ကြားရေးနဲ့ ခေါင်းဆောင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မရပ်မနား ဆောင်ရွက်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ ကချင်ကျမ်းစာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်နေစဉ်မှာဘဲ ၁၉၃၆ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ ဆရာကြီးဂိုင်းစ်ဟာ ရုတ်တရက် နှလုံးရပ်ပြီး ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ပါတယ်။
ဟောင်းဝပ်ဒ် (Howard) ၁၉၃၁ ရဲ့ “Baptists in Burma” မှတ်တမ်းအရ ဂိုင်းစ်ဟာ သူ့ရဲ့နောက်ဆုံးနှစ်တွေအထိ ဒေသခံခေါင်းဆောင်တွေ ပြုစုပျိုးထောင်ရေးကို အဓိကထား ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပညာရေး၊ ခေါင်းဆောင်မှုနဲ့ ဒေသခံယဉ်ကျေးမှုကို လေးစားတဲ့ အခြေခံပေါ်မှာ သူချထားခဲ့တဲ့ အုတ်မြစ်တွေဟာ ကချင်နှစ်ခြင်း အသင်းတော်နဲ့ ပညာရေးစနစ်တွေထဲမှာ ယနေ့အထိ အကျိုးသက်ရောက်မှု ရှိနေဆဲဖြစ်ပါတယ်။
ကချင်ဒေသရဲ့ နှစ်ခြင်းခရစ်ယာန်သာသနာပြု သမိုင်းကို ကြည့်မယ်ဆိုရင် ၁၈၇၈ ခုနှစ်ခန့်မှာ အယ်လ်ဘတ် လိုင်ယွန် (Albert Lyon) ရောက်ရှိလာပြီး တစ်လအတွင်း ကွယ်လွန်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းအချို့မှာ ဖော်ပြထားပါတယ်။
သူ့နောက်ပိုင်းမှာ ရောဘတ်စ် (Rev. J. H. Roberts) က လုပ်ငန်းကို ဆက်ခံပြီး ဗန်းမော်ဒေသမှာ ကျောင်းဖွင့်လှစ်ကာ ပညာရေးလုပ်ငန်းတွေကို တဖြည်းဖြည်း တိုးချဲ့ခဲ့ပြီး သူ၏တာဝန်ကို ၃၄ နှစ်ကြာ ထမ်းဆောင်ခဲ့ပါတယ်။
၁၈၉၀ ခုနှစ်မှာ ဘာသာဗေဒပညာရှင် အိုလာ ဟန်ဆန် (Ola Hanson) ရောက်ရှိလာပြီး ကချင်စာပေအက္ခရာနဲ့ ဘာသာပြန်လုပ်ငန်းတွေကို အခြေခံကျကျ ဖော်ထုတ်တိုးတက်စေဘို့ ၃၈ နှစ် ကြိုးစားခဲ့ပါတယ်။
၁၈၉၂ ခုနှစ်မှာတော့ ဆရာကြီး ဂျော့ဂျ်ဂျီဂိုင်စ် (Rev. George J. Geis) ရောက်ရှိလာပြီး ကချင် လူမျိုးစုတို့အတွက် တတိယမျိုးဆက်သာသနာပြုလုပ်ငန်းတွေကို ဆက်လက်ခိုင်မာအောင် နှစ်ပေါင်း၄၀ ကျော် သူကွယ်လွန်ချိန်ထိ တည်ဆောက်ခဲ့ပါတယ်။
သမိုင်းပညာရှင်အချို့ကတော့ ကိုလိုနီခေတ် သာသနာပြုလုပ်ငန်းတွေကို ဝေဖန်သုံးသပ်ကြပေမဲ့ မြစ်ကြီးနားနဲ့ ကချင်တောင်တန်းဒေသတွေမှာ လူမှုဖွံ့ဖြိုးရေးနဲ့ ပညာရေးအခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခဲ့တဲ့ သာသနာပြုတစ်ဦးဖြစ်သူ ဆရာကြီး Rev. George J. Geis ကိုတော့ သမိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ အမွေအနှစ်တွေ ချန်ထားရစ်ခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့်လည်း ယနေ့အထိ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ အမွေအနှစ်တွေကို ဒေသခံတွေအကြား ဂုဏ်ပြုအမှတ်ရနေဆဲ ဖြစ်ပါတယ်။
References
- American Anthropologist, Vol. 10 (1908), American Anthropological Association
- Baptist Missionary Magazine, Vol. 78–80 (1897–1900; 1937 report), American Baptist Missionary Union
- Herman G. Tegenfeldt (1974), A Century of Growth: The Kachin Baptist Church of Burma, William Carey Library
- Howard, Randolph Levi (c. 1931), Baptists in Burma, Board of Education






