ရေခဲဓား

1673
ရေခဲဓား

စစ်

စစ်ပွဲများကို ကျွန်တော်မလိုလား မတောင့်တပါ။ စစ်ပွဲများသည် ကျွန်တော်တို့ကိုပျော်ရွှင်မှု မပေးပါ။ တရားသော စစ်ဖြစ်ဖြစ်၊ မတရားသောစစ်ဖြစ်ဖြစ် စစ်ပွဲသည် ကျွန်ုပ်တို့အတွက် အနိဋ္ဌာရုံများသာ ပေါက်ဖွားပေးပါသည်။

   ပိုလာဝက်ဝံများကို သတိရမိပါသည်။

ပိုလာဝက်ဝံများသည် အေးခဲလှသော မြောက်ဝင်ရိုးစွန်းတွင် နေထိုင်ကြသည်။ သူတို့သည် မည်မျှအေးခဲနေပါစေဘုရင်တစ်ဆူလို နေထိုင်နိုင်ကြသည့် တိရစ္ဆာန်များပင် ဖြစ်ပါသည်။ သူတို့သည် အအေးဒဏ်ကို ခံနိုင်သည်။ အေးခဲလှသော နှင်းတောနှင်းစိုင်ထဲမှာအသက်ကို မွေးမြူနိုင်ကြသည်။

          သို့သော်။

အက်စကီးလူမျိုးများသည်ပိုလာဝက်ဝံများကို ခက်ခက်ခဲခဲ ဖမ်းစရာမလိုပါ။ သူတို့သည် အင်အားမသုံးဘဲ ပိုလာဝက်ဝံများကို အလွယ်တကူဖမ်းယူနိုင်ကြပါသည်။ မည်သို့ဖမ်းယူကြပါသနည်း။

ရှေးဦးစွာ သူတို့သည် ဖျံတစ်ကောင်ကို ဦးစွာသတ်ပြီးဖျံ၏သွေးကို ပုံးတစ်ခုထဲမှာ ထည့်ထားလိုက်ကြပါသည်။ ထို့နောက် အသွားနှစ်ဘက်ပါသော ဓားမြှောင်ကို ပုံးထဲမှာ စိုက်ထားလိုက်ကြပါသည်။

အလွန်အေးသည့်အတွက်ဖျံသွေးများသည် အချိန်တိုအတွင်းမှာ အေးခဲသွားကြပါသည်။ တစ်ဖန် အေးခဲသွားသည့် ဓားမြောငိပါသည့် ဖျံသွေးခဲကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ထားလိုက်ကြပါသည်။ ပိုလာဝက်ဝံသည် သွေးကိုကြိုက်နှစ်သက်သည့် သတ္တ၀ါဖြစ်သည်။ သူတို့သည် အနံ့ခံလည်း ကောင်းကြ၏။ ၀က်ဝံများသည် အဝေးကပင် သွေး၏ အနံ့အသက်ကို ရကြသည်။

ပိုလာဝက်ဝံများသည် သွေးညှီနံ့ရှိရာသို့ ရောက်ရှိလာကြသည်။ ရေခဲပြင်ထဲတွင် ဖုံးဝှက်ထားသော သွေးကို ရှာကြသည်။ ဤတွင် အက်စကီးမိုးမျိုးတို့ ထောင်ချောက်ဆင်ထားသော ရေခဲဓားကို သူတို့တွေ့ရှိသွားကြသည်။

ပိုလာဝက်ဝံများသည် ရေခဲပြင်တွင် တွေ့ရသည့်သွေးခဲကို အငမ်းမရစားသောက်သည်။ ဘေးအန္တရာယ်ကို မမြင်။ အန္တရာယ်ကို မသိ။ အန္တရာယ်ကို မတွေးတော၊ မဆင်ခြင်။ ဤသည်ပင် သူတို့၏ ကြမ္မာကိုသူတို့ ငင်မိကြလေသည်။

သွေးခဲကို အငမ်းမရ လျှာနှင့်လျက်ကြသည်။ စားသောက်ကြသည်။ သွေး၏အရသာကို တွေ့ရှိပြီး လျက်ကြသည်။ အစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်သော ငါးကဲ့သို့ ပိုလာဝက်ဝံတို့သည် သေမင်း၏ခံတွင်းဝသို့ မိုက်မိုက်မဲမဲ ခုန်ချကြသည်။

သွေးခဲကို လျက်ရင်းလျက်ရင်းနှင့် သွေး၏ အရသာကိုသူတို့တပ်မက်ကြပြီ။ ရေခဲထဲတွင်  သွေးနှင့်အတူ ဓားမြှောင်ပါရှိနေသည်ကို သူတို့မသိ။ ဓါးသွားကို လျှာဖြင့်လျက်မိသောအခါ ပိုလာဝက်ဝံတို့၏ လျှာကို ဓားသွားက တတိတိ ထိရှသည်။ လျှာကို ထိုးခွဲပြီး သွေးစိမ်းရှင်ရှင် ထွက်လာသော်လည်း အေးခဲထုံကျင်နေသဖြင့် နာကျင်ရမှန်း သူတို့ မသိကြရှာ။

သွေးသည် ပို၍ချိုလာသည်။

အရသာသည် ပို၍နှစ်သက်ဖွယ်ဖြစ်လာသည်။ ရေခဲဓားကို သူတို့လျက်ကြသည်။ ချိုမြသော၊ လတ်ဆတ်သော မိမိတို့သွေးကို သူတို့တပ်မက်ကြပြီ။ မက်မက်မောမော စားသုံးကြလေပြီ။

နောက်ဆုံး၌ ပိုလာဝက်ဝံတို့သည် ထိုနေရာ၌ပင် သေပွဲဝင်ရလေသည်။ ထိုအခါ အက်စကီးလူမျိုးတို့သည် ပိုလာဝက်ဝံကို အင်အားသုံးစရာမလိုဘဲအလွယ်တကူ ဖမ်းယူ သယ်ဆောင်သွားရုံပင်။

ပိုလာဝက်ဝံအကြောင်းများစဉ်းစားမိသောအခါ ကျွန်တော်တို့နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများအကြောင်းကိုစဉ်းစားနေမိပါသည်။

ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် နိုဝင်ဘာ ၁၁ ရက်နေ့က တိုင်းရင်းသားလူမျိုး ရေးရာ ဖွံ့ဖြိုးရေးနှင့်သုတေသနအသင်း(CEDS)မှပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်တွင်  ဗိုလ်မှူးကြီးခွန်ဥက္ကာ က အသိပေးပြောကြားသည့် စကားတစ်ခွန်းရှိသည်။

“အကျပ်အတည်းတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီ အကျပ်အတည်းတွေက အပျက်အစီးတော့ မဟုတ်ဘူး။  နိုင်ငံတကာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားလုံးကအမြဲတမ်း အကျပ်အတည်း ရှိပါတယ်။ လွယ်လွယ်နဲ့တော့မရဘူး။ ချောချောမွေ့မွေ့တော့ မဖြစ်ဘူး။ သို့သော် အကျပ်အတည်းကြားထဲက ညှိနှိုင်းပြီး ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိကçာကို ကြည့်လို့ရှိရင်တော့ ၀ိုင်းလုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကို မကြည့်ဘူး။ နယ်မြေတစ်ခုကိုကြည့်မယ်။ လူမျိုးတစ်မျိုးကိုကြည့်မယ်။ အဖွဲ့အစည်းတစ်ရပ်ကို
ကြည့်မယ်။ အစုအဖွဲ့လူပုဂ္ဂိုလ်တစ်စုကို ကြည့်မယ်ဆိုရင်တော့  ဒီ အကျပ်အတည်းက ကျော်ဖို့ခက်မယ်”
ဟူသော စကားပင် ဖြစ်ပါသည်။

ထိုသတင်းစကားကို ဖတ်မိသောအခါ စစ်ပွဲများအကြောင်း၊ ပိုလာဝက်ဝံများအကြောင်း ကျွန်တော်အတွေးနယ်ချဲ့နေခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့သည် ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ဗမာ၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုတိုင်းရင်းသားတို့ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

သစ်ပင်သည် အမြစ်၊ အရွက်၊ အကိုင်း၊ အခက်၊ ပင်စည်စသည်ဖြင့် စုပေါင်းလိုက်မှသစ်ပင်တစ်ပင် မည်သကဲ့သို့ကျွန်တော်တို့ တိုင်းရင်းသားများ စုပေါင်း၍ မြန်မာဟု သမုဒ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ ဖြစ်ကြရသည်။

ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဖြစ်နေသောစစ်သည် ညီအစ်ကိုချင်း စစ်ဖြစ်နေကြခြင်းဖြစ်သည်။ ပြောရလျှင်
မြောက်ဝင်ရိုးစွန်းမှ  ပိုလာဝက်ဝံများကဲ့သို့ ရေခဲဓားကို စားသုံးနေကြခြင်း ဖြစ်သည်။

ကျွန်တော်တို့ဆီတွင် ရေခဲဓားကို တပ်မက်နေကြသူများရှိသည်။ ထိုရေခဲဓားထဲတွင် အာဏာခွဲဝေမှုကို ထည့်ထားသည်။ ထိုရေခဲဓားကို အတ္တများ ဖုံးလွှမ်းထားသည်။ နယ်မြေပိုင်ဆိုင်လိုမှုများ သုတ်လူးထားသည်။ စင်စစ် ပြည်တွင်းစစ်အတွင်းမှ လူများသည် ကိုယ့်သွေးကိုယ်သောက်နေကြသည့် ပိုလာဝက်ဝံများပင်ဖြစ်သည်။ ကိုယ့်သွေးကိုယ်သောက်ပြီး တိုက်ပွဲဝင်နေကြသည်။ ဘယ်လက်ကို ညာလက်ကခုတ်၊  ညာလက်ကိုဘယ်လက်ကခုတ်နေသကဲ့သို့ဖြစ်သည်။ ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ ဓားနဲ့ ညာဘက်ကို ခုတ်နေပြီး ညာဘက်လက်မှာ ကိုင်ထားတဲ့ဓားနဲ့ ဘယ်ဘက်လက်ကို ခုတ်နေသည်နှင့် တူသည်ဟု ကဗျာဆရာတစ်ယောက် ပြောဖူးသည်ကို အမှတ်ရမိသည်။  အစားတစ်လုတ်အတွက် မြောက် ၀င်ရိုးစွန်းမှ ပိုလာဝက်ဝံများ သေဆုံးခဲ့ကြပြီ။ မိမိအကျိုး၊ မိမိလူတစ်စု ကောင်းစားရေးကိုသာကြည့်ပြီး ရေခဲဖုံးထားသောဓားကို စားသောက်နေသကဲ့သို့ ဖြစ်နေသော စစ်ပွဲများကိုရပ်တန့်စေချင်သည်မှာ အမှန်ပင်ဖြစ်သည်။

          အာဃာတများ၊ အငြိုးအတေးများ၊ မာန်မာနများကို ခ၀ါချ၍ ငြိမ်းချမ်းရေးတေးများသီစေလိုပါသည်။

မြှုပ်ထားသော ဓားများကင်းစင်လိုပါပြီ။

မြှုပ်ထားသော ဗုံးများကင်း စင်လိုပါပြီ။

ညီအစ်ကိုချင်း ဖြစ်နေသော စစ်ပွဲများ ရပ်တန့်စေလိုပါပြီ။

မိမိလျှာကို မိမိ မှန်ထဲမှာကြည့်စေချင်ပါသည်။

ကိုယ့်သွေးကိုယ်သောက်ပြီး သေပွဲဝင်ခဲ့ကြသော ပိုလာဝက်ဝံများ မဖြစ်စေလိုပါပြီ။ ။

စောနဒီ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here