အောက်တိုဘာ၊၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ၊ အမှတ် (၃) ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီးရှေ့က သရဖူစတိုးဆိုင်ကို မနေ့ညက သူခိုးဝင်ရောက်ခဲ့ပြီး ခန့်မှန်း ကျပ်ငွေတန်ဖိုး သိန်း (၄၀) နီးပါး ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ (၁)ရက်နေ့ ည (၁၀)နာရီ (၄၅) မိနစ်အချိန်လောက်က အိမ်အပေါ်ထပ်ကနေ ဆိုင်ထဲကိုခိုးဝင်ခဲ့ပြီး ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် ငွေဖြည့်ကဒ်တွေကိုပါ ခိုးယူသွားခဲ့တာဖြစ်တယ်လို့ သရဖူစတိုးဆိုင်ပိုင်ရှင်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ အိမ်ပေါ်ကနေ ဖောက်ဝင်တာဗျ။ တစ်ယောက်ယောက် တံခါးဖွင့်တာကြည့်ပြီး အဲဒီကနေ တက်ခဲ့ပုံရတယ်ဗျ။” လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေကူမြို့ရဲစခန်း တိုင်တန်းထားပြီးတော့ သူခိုးကို ရှာဖွေနေကြဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကူမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။







