စက်တင်ဘာ၊ ၄
စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းပြီးတဲ့နောက် ၇ လနီးပါးကြာလာတဲ့အထိ နည်းဥပဒေကို မပြဌာန်းနိုင်သေးပါဘူး။
စစ်မှုမထမ်းမနေရ ဥပဒေကိုတော့ အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာဖြစ်ပြီး အခုအချိန်မှာ သင်တန်းအပတ်စဉ် ၅ ကိုလည်း ကျင်းပဖို့ ပြင်ဆင်နေတာပါ။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက် သင်တန်းအပတ်စဉ်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ကျင်းပနေပေမဲ့ နည်းဥပဒေကိုတော့ မပြဌာန်းသေးတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ နည်းဥပဒေပြဌာန်းလိုက်ရင် စစ်တပ်ဟာ လူသစ်စုဆောင်းဖို့အတွက် ခက်ခဲမှုတွေ ရှိလာနိုင်တာကြောင့် အကြောင်းအမျိုးမျိုးပြပြီး မပြဌာန်းသေးတာလို့ သုံးသပ်ထားကြပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကတော့ နည်းဥပဒေဟာ အခုအချိန်မှာ မူကြမ်း သတ္တမအဆင့်ထိ ရောက်နေပြီလို့ ဆိုပါတယ်။
“ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ရေးဆွဲခြင်းကို အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်များမှ အကြံပြုချက် များ ပေးပိုခဲ့မှုအပေါ်အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်၍ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမူကြမ်းကို ရေးဆွဲခဲ့ရာ ယခု နောက်ဆုံး သတ္တမမူကြမ်းရရှိပြီး ဖြစ်ပါကြောင်း။” လို့ မနေ့က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာလို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာပါ။
စစ်ကောင်စီကတော့ စစ်မှုထမ်းသင်တန်းအပတ်စဉ် တစ်ခုကို အင်အား ၅,၀၀၀ ဝန်းကျင် စုဆောင်းနေတာဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်တွေဖြစ်ပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်းမှာ သင်တန်းအတွက် လူသစ်စုဆောင်းရတာ ပိုခက်ခဲလာတာကြောင့် နိုင်ငံအနှံ့မှာ အတင်းဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေလည်း ပြုလုပ်နေပါတယ်။
ဒါ့အပြင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ကိုလည်း ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့တွေကို ရပ်ကွက်၊ ကျေးရွာအဆင့်ထိဖွဲ့စည်းဖို့နဲ့ လက်နက်တပ်ဆင်တာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။