တိုင်းရင်းသားတွေဆီမှာ “တိုက်ပြီးတော့ ရတဲ့လူ အပိုင်ယူ” ဆိုတဲ့ စိတ်မျိုးမရှိဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

59

 

အောက်တိုဘာ၊ ၂၃

စစ်ကောင်စီဆီကနေ သိမ်းပိုက်ထားတဲ့မြို့တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေဆီမှာ “တိုက်ပြီးတော့ ရတဲ့လူ အပိုင်ယူ” ဆိုတဲ့ စိတ်မျိုးမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလိုက်ပါတယ်။

ဒီရက်ပိုင်းထဲ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပြည်သူတွေနဲ့တွေ့ဆုံပွဲတစ်ခုမှာ ဒေါက်တာဇော်ဝေစိုးက အနာဂတ်အခြေခံဥပဒေနဲ့ပတ်သက်လို့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုအပေါ် အဲဒီလို ထည့်သွင်းဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ NUG ဟာ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကြားကာလအခြေခံဥပဒေ ပေါ်ထွက်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (၁) နဲ့ (၂) အပေါ် အခြေခံပြီး ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

မြေမပိုင်ဘဲနဲ့ဆွေးနွေးရင် သူက လေထဲမှာဆွေးနွေးနေတာ ဖြစ်တယ်။ မြေမပိုင်ဘူး အုပ်ချုပ်စရာ မြေလည်းမရှိဘူး၊ ပြည်သူလည်းမရှိဘူး။ အင်အားလည်းမရှိဘဲနဲ့ ဖွဲ့စည်းပုံကို ဆွေးနွေးနေတယ်ဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်သလိုဖြစ်မယ်လို့ တိုင်းရင်းသား တော်တော်များများက သဘောရတယ်။ ဒါကြောင့် သူတို့က အလုပ်လုပ်ဦးမယ်။ အလုပ်ဖြစ်အောင်လုပ်မယ်။ အလုပ်တူတူလုပ်ကြဦးမယ်။ အလုပ်လုပ်လို့ ရရှိလာတဲ့အခါ ဆွေးနွေးမယ်ဆိုတော့ ကျွန်တော်တို့ အလုပ်လုပ်လိုက်တဲ့အခါအလုပ်က အကောင်အထည်ပေါ်လာတာပေါ့နော်။ လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

အဲဒီ ကြားကာလအခြေခံဥပဒေထဲမှာတော့ နိုင်ငံနှစ်ခုရဲ့ နိုင်ငံသားအဖြစ် ခံယူခွင့် ရှိမရှိဆိုတဲ့ကိစ္စတွေ၊ လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်ခွင့်တွေနဲ့ ဘာသာစကားကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေနေကြပြီလို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒါ့အပြင် အခုအချိန်မှာ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားတဲ့မြို့တွေကို သိမ်းပိုက်ထားတဲ့အဖွဲ့တွေက စီမံအုပ်ချုပ်နေပေမဲ့ အနာဂတ်မှာတော့ အဲဒီမြို့တွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုသာ ထိန်းထားတာ နောင်ကျရင် ဒါကိုဆွေးနွေးပြီးတော့ တည်ဆောက်ကြမယ်လို့ ကျွန်တော်တို့ရဲ့ ဘုံသဘောတူညီချက်ထဲမှာပါတယ်။ လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့တုန်းက TNLA ရဲ့ Youtube မှာ ဖော်ပြခဲ့တဲ့ ဗွီဒီယိုဖိုင်မှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း သိမ်းပိုက်ထားတဲ့မြို့တွေနဲ့ပတ်သက်လို့ အခုလို ပြောဆိုထားဖူးပါတယ်။

ကျွန်တော်တို့ သိမ်းလိုက်တဲ့မြို့တွေ၊ ကျွန်တော်တို့ ထိန်းသိမ်းလိုက်တဲ့မြို့တွေကို စီမံအုပ်ချုပ်ဖို့ ကျွန်တော်တို့ တာဝန်ရှိတယ်။ ဒီမှာရှိတဲ့ ဒေသခံပြည်သူလူထုတွေ စားဝတ်နေရေးပြေလည်ဖို့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိဖို့ ကျွန်တော်တို့က အကောင်းဆုံးစီမံခန့်ခွဲဖို့လိုတယ်။ ဒါတွေ ကျွန်တော်တို့ စီမံခန့်ခွဲသွားမယ်၊ အုပ်ချုပ်သွားမယ်။ နိုင်ငံရေးအရကတော့ စစ်အာဏာရှင်ကို ကျွန်တော်တို့ အခုအချိန်မှာ တက်ညီလက်ညီပြုတ်အောင်တိုက်ရမယ်။ အဲဒီနောက်ပိုင်း တစ်ဆင့်ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံရေးစကား ကောင်းကောင်းပြောကြဖို့ လိုပါတယ်။ အဲဒီအချိန်ကြရင်တော့ အဖြေတစ်မျိုးလာလိမ့်မယ်။ လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။

ဒီအကြောင်းကိုတော့ TNLA က သိမ်းပိုက်ထားတဲ့မြို့တွေဖြစ်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့ ခရီးစဉ်မှာ ပြောဆိုခဲ့တာလို့ ဗွီဒီယိုဖိုင်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

မြို့တွေသိမ်းထားတဲ့နဲ့ ပတ်သက်လို့လည်း ဒေါက်တာဇော်ဝေစိုးက တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ရတဲ့လူ၊ တိုက်ပြီးတော့ရတဲ့လူ အပိုင်ယူဆိုတဲ့ စိတ်ဓာတ်မရှိပါဘူး။ လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပြီး အဲဒီအတွက်လည်း သန်းခေါင်စာရင်းတွေကို ကောက်ယူမှုတွေ ပြုလုပ်နေသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာနောက်လထဲ တရုတ်နိုင်ငံကိုသွားဖို့ ရှိနေပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here