ဩဂုတ်၊၂၃
ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား ဒီကနေ့မနက် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာဘက်က စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို KIA က သိမ်းပိုက်ထားနိုင်တဲ့အပြင် ဒီကနေ့မနက်မှာလည်း မြတောင်စစ်ကောင်စီတပ်စခန်းဘက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“ထီးချိုင့်မြို့နယ်၊ မြတောင်ဘက် သိမ်းတာ။ ဒီကနေ့မနက်မှာ တိုက်ပွဲ ပြန်ဝင်တယ်တဲ့။ မြတောင်ဘက်ပေါ့။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာ ထိလဲဆိုတာတော့ မသိရသေးဘူး“လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်အခြမ်းမှာတည်ရှိတဲ့ မြတောင်ကျေးရွာဘက်က စစ်ကောင်စီရဲ့ ကာကင်းတပ်စခန်း သုံးခုကို ဩဂုတ်လ ၂၁ ရက်နေ့က KIA ကနေ သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကသာ၊ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တွေမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် မြစ်ကြီးနား- မန္တလေးလမ်းပိုင်းမှာလည်း ခရီးသည်ရာကြီးပိုင်း ပိတ်မိနေပါတယ်။
ဒါ့အပြင် KIAကနေ လတ်တလော ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကို တိုက်ပွဲပြင်းထန်ပြီး တစ်လနီးပါးအကြာ ဩဂုတ်လ ၁၉ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲအတွင်း လက်ရှိအချိန်အထိ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်ပေါင်း ခန့်မှန်းခြေ ၂၀၀ ကျော်ဝန်းကျင်လောက် ရှိပြီလို့ ကချင်လွတ်လပ် ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။
KIA ဘက်က စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေဟာ မတ်လ ၇ ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိလည်း အရှိန်လျော့သွားတာမျိုး မရှိသေးဘဲ တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေတာကို တွေ့ရှိရပါတယ်။