စက်တင်ဘာ၊၂၆
အာဏာသိမ်းပြီးနောက် စစ်ကောင်စီအုပ်ချုပ်နေတဲ့အချိန်မှာ အထွေထွေအကျပ်အတည်းတွေ ဖြစ်ပေါ်လာသလို အခြေခံကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူတွေ ခံစားနေရပါတယ်။
အဲဒီထဲက မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်သားတွေကို ထောင်ဝင်စာပေးပို့မှု အပိုင်းမှာလည်း ကုန်စျေးနှုန်းကြောင့် သက်ရောက်မှုတွေရှိနေပြီး ထောင်ဝင်စာပေးပို့မှုမှာ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ဘယ်လိုရုန်းကန်ကူညီပေးနေလဲဆိုတာ သိနိုင်ဖို့ “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့က တာဝန်ရှိသူတစ်ဦး ကို မြစ်ကြီးနားသတင်းဂျာနယ်ကနေ မေးမြန်းထားပါတယ်။
မေး – အရင်ဦးဆုံး အစ်ကိုတို့အဖွဲ့အကြောင်းလေး မိတ်ဆက်ပေးပါ။
ဖြေ- ကျနော်တို့အဖွဲ့ကတော့ “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့ပါ။ အဓိကအားဖြင့် ဒီတော်လှန်ရေးကာလမှာ မတရားထောင်သွင်း အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာကူညီပြီး ပို့ဆောင်ပေးနေတဲ့အဖွဲ့ပါ။ အဲ့ဒီနေရာမှာ ကျနော်တို့အနေနဲ့ အခက်အခဲတွေရှိတဲ့ နိုင်ကျဥ်းမိသားစုတွေကို အဓိကထားပြီး ကူညီပေးပါတယ်။ ကျွန်တော်တို့ Page ကိုထောင်ဝင်စာကူညီပေးဖို့ အကူအညီလာတောင်းရင် ကျွန်တော်တို့က ကူညီပေးပါတယ်။ အရင်ကတော့ အင်းစိန်ထောင်က နိုင်ကျဥ်းတွေကိုပဲ အဓိကထားပြီးပို့ခဲ့ပေမဲ့ အခုကာလမှာတော့ ထောင် ၇ ထောင်အထိ ကျနော်တို့ထောင်ဝင်စာ ကူညီပေးပါတယ်။ အခုလောလောဆယ်မှာ နိုင်ကျဥ်း ၆၀၀ နီးပါးကို ကျနော်တို့ထောင်ဝင်စာ ကူညီပေးနေပါတယ်။
မေး – နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ထောင်ဝင်စာတွေ့နိုင်ဖို့ အခက်ခဲတွေရှိနေလား။
ဖြေ – မိသားစုတွေကတော့ ခက်ခဲကြတာပေါ့။ တချို့နိုင်ကျဉ်းတွေက အရင်က အိမ်ကိုထောက်ပံ့ပေးနေရတဲ့ သူတွေပါ။ အခု အကျဥ်းကျနေတော့ အိမ်ရဲ့စီးပွားရေးအခြေအနေတွေက ယိုင်နဲ့နဲ့ဖြစ်သွားပြီဆိုတော့ ထောင်ဝင်စာပို့ဖို့လည်း အခက်အခဲတစ်ခု ဖြစ်လာတယ်လေ။ အဲ့ဒီဟာကို ကျနော်တို့အနေနဲ့ အလုံးစုံမဟုတ်ရင်တောင်မှ နိုင်သလောက်ဖြစ်ပါစေ ဆိုတဲ့မေတ္တာနဲ့ ကူညီပေးနေပါတယ်။
မေး- အခု ကုန်စျေးနှုန်းမြင့်တက်လာတော့ ထောင်ဝင်စာပို့နေရတဲ့အပိုင်းမှာ အခက်အခဲတွေ ရှိနေလား။
ဖြေ – ကျနော်တို့အခုလောက်ထိ ထောင်ဝင်စာကူညီနိုင်တာ ပြည်သူတွေလှူတဲ့ လှူဒါန်းမှုတွေကြောင့်ပါပဲ။ အရင်ကဆို အစ်ကိုလည်းသိမှာပါ။ ကုန်စျေးနှုန်းတွေကလည်း အခုလောက်မကြီးသေးတော့ လှူဒါန်းတဲ့သူတွေကလည်း အများကြီးလှူနိုင်သလို ထောင်ဝင်စာကူညီတဲ့ အခါမှာလည်း ပစ္စည်းတွေအများကြီး ထည့်ပေးနိုင်ခဲ့ပါတယ်။ အခုအခြေအနေကတော့ လှူဒါန်းတဲ့သူတွေကလည်း အရင်လောက်မကူညီနိုင်သလို ကျနော်တို့အနေနဲ့လည်း ထောင်ဝင်စာကူညီပေးရင် တစ်ယောက်ကို အနည်းဆုံး ၂၀,၀၀၀ ဖိုးလောက်ပဲ ကူညီပေးနိုင်တော့တယ်။ပစ္စည်းတွေ နည်းသွားတာပေါ့ဗျာ။ ကျနော်တို့ဝယ်ရတာလည်း စရိတ်တွေအရမ်းကြီးလာတယ်။
မေး – ကုန်စျေးနှုန်းတက်တော့ ထောင်စာပို့ရတာဘယ်လောက်ထိ ကွာဟသွားတာတွေရှိလဲ။
ဖြေ- ကုန်စျေးနှုန်းမတက်ခင်အချိန်၊ ကျနော်တို့စစလုပ်တုန်းကတော့ နိုင်ကျဥ်းတစ်ယောက်ကို ပုဆိုး၊စွပ်ကျယ်၊ ဖိနပ်ကအစ တစ်ယောက်ကို အနည်းဆုံး လေးသောင်းဖိုးလောက်ထောင်ဝင်စာပို့ခဲ့ပါတယ်။ တဖြည်းဖြည်း အကူအညီတောင်းခံတဲ့သူ များလာတာရယ်၊ ကုန်စျေးနှုန်းကြီးလာမှုကြောင့်အခုဆို တစ်ယောက်ကို နှစ်သောင်းနှုန်းပဲ ကျနော်တို့ ကူညီနိုင်ပါတော့တယ်။ ကျနော်တို့ ထောင်ဝင်စာကူညီပေးတဲ့ ထောင်တွေက အင်းစိန်၊ သရက်၊ ကျိုက်စကော၊ သာယာဝတီ၊ ပုသိမ်၊ ပဲခူး၊ အိုးဘို စတဲ့ထောင် ၇ ထောင်က နိုင်ကျဥ်းတွေကို ထောင်ဝင်စာကူညီနေတာပါ။ကျနော်တို့ဆီ အကူအညီတောင်းခံကတည်းက အဆင်မပြေကြတဲ့ မိသားစုတွေချည်းပါပဲ။ ကုန်စျေးနှုန်းတွေက ကြီးလာတယ်။ အလုပ်အကိုင်တွေကလည်း ရှားပါလာတဲ့ခေတ်မှာ အိမ်တွေက ထောင်ဝင်စာပို့ဖို့ မနည်းကိုရုန်းကန်နေကြရတာပါ။ အဲ့ဒါကိုကျနော်တို့က မိမိတို့တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးရင်းနဲ့ သူတို့ရဲ့ဝန်ကို မျှဝေကူထမ်းပေးတဲ့ သဘောပါပဲ။
မေး – အခု ပြည်သူတွေပါဝင်ကူညီမှုကရော သွေးအေးနေပြီးလား၊ ဘယ်လိုအခြေအနေတွေ ရှိနေလည်းခင်ဗျာ။
ဖြေ – ပြည်သူတွေကတော့ သွေးမအေးကြပါဘူး။ မိမိတို့တတ်စွမ်းသ၍တော့ ပါဝင်နေကြတာပါပဲ။ ပြည်သူတွေသာ မကူညီရင် ကျနော်တို့လည်း ထောင်ဝင်စာကူညီဖို့ ဘယ်လိုလုပ်နိုင်ပါ့မလဲ။ ပြည်သူတွေရဲ့အားနဲ့ ကျနော်တို့ကြိုးစားနေကြတာပါ။ ထောင်ဝင်စာပို့ရတဲ့ အခက်အခဲကတော့ ကျနော်တို့ကထောင်ကို ကိုယ်တိုင်သွားပို့တာမဟုတ်ဘဲ မိသားစုတွေဆီကို သွားပို့တာပါ။ အဓိကအခက်အခဲကတော့ အရင်လောက်များများစားစား မပို့နိုင်တော့ဘဲ ကုန်စျေးနှုန်းတွေကြောင့် ပစ္စည်းတွေတဖြည်းဖြည်းနည်းလာတာကိုပါပဲ။
မေး – နောက်ဆုံးဖြည့်စွက်ပြီးပြောချင်တာရှိရင် ပြောပေးပါခင်ဗျာ။
ဖြေ – နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာကတော့ နိုင်ကျဥ်းဆိုတာရှိနေသ၍ ကျနော်တို့အဖွဲ့ ရှိနေမှာပါ။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ အကောင်းဆုံးကြိုးစားပြီး နိုင်ကျဥ်းတွေကို ကူညီပေးသွားမှာပါ။ ပြီးတော့ ယနေ့အချိန်ထိ လှူဒါန်းနေကြတဲ့ အလှူရှင်တိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့ပြောချင်ပါတယ်။