ထမ်းစင်အသုံးပြု ဆေးကုသနေရတဲ့ မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲတောင်ဒေသက ဘဝများ

217
ခေါင်လန်ဖူး-ပူတာအို

မိုင်းနီ-ရေးသားသည်

ဖျားနာသူတွေကို မြို့နယ် ပြည်သူ့ဆေးရုံထိရောက်အောင် ဝါးနဲ့ရက်ထားတဲ့ထမ်းစင်၊ ပုဆိုးကိုဝါးလုံးထိုးပြီး ထမ်းတဲ့ထမ်းစင်၊ ကလေးပိုးပုခက်အကြီးရဲ့ အစနှစ်ဖက်ကို နိုင်လွန်ကြိုးချည်နှောင်ပြီး ဝါးလုံးထိုး အသုံးပြုတဲ့ ထမ်းစင်တွေနဲ့ ရှေ့(၂) ယောက် နောက်( ၂) ယောက် ထမ်းပြီးတော့ ပို့ဆောင်ခရီးဆက်ရပါတယ်။

“ အရေးကြီးလူနာတွေကျတော့ ထမ်းစင်နဲ့ထမ်းပြီးတော့မှ ပို့ကြတယ်။” လို့ ခေါင်လန်ဖူးမြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် ထမ်းစင်နဲ့ထမ်းပြီး သွားရောက်ဆေးကုသနေရတဲ့ ဒေသကလူတွေတော့ မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲတောင်ဒေသ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲမှာ တည်ရှိပါတယ်။

မိုင်ပေါင်း ၁၃၀ ကျော်ခန့်ကွာဝေးတဲ့ ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့အထိတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သွားပြီဖြစ်ပေမဲ့ ခေါင်လန်ဖူးမြို့နယ်ထဲက ကျေးရွာတွေဘက်မှာတော့ ဆိုင်ကယ်နဲ့ ကားလမ်း မပေါက်သေးတဲ့အတွက် မြို့ကိုသွားမယ်ဆိုရင် ခြေကျင်လမ်းခရီးနဲ့ ရက်ရှည်ခရီးဆက်ရတာပါ။

ခေါင်လန်ဖူးဒေသ

ခေါင်လန်ဖူးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စု (၂၂) အုပ်စုထဲက ထဖုံး ၊ ဇန်ယော့ စတဲ့ကျေးရွာတွေဘက်မှာ ကျေးလက်ကျန်းမာရေးဌာနရှိပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေတော့ မရှိဘူးလို့ဆိုပါတယ်။

ခေါင်လန်ဖူးမြို့နယ်ထိ ထမ်းစင်တွေနဲ့ အများစု သွားရောက်ကုသနေရတဲ့ ဒေသခံတွေကတော့ ထဖုံးဒေသနဲ့ တောင်ကျော်ပြီးသွားရတဲ့ လာဂျာဒေသ တစ်ကြောကဒေသခံပြည်သူတွေ ဖြစ်ပါတယ်။

အဲဒီဒေသတွေကနေ မြို့နယ်ပြည်သူ့ဆေးရုံရောက်ဖို့ ၂ ရက် ၊ ၃ ရက် ဒါမှမဟုတ် တစ်ပတ်လောက်အထိ ခရီးကြာမြင့်ပြီး ဒေသတစ်ခုနဲ့ တစ်ခုပေါ်မူတည်ပြီးတော့ သွားရတဲ့ခရီးကလည်း ကွာဝေးပါတယ်။

ခရီးဝေးတဲ့အပြင် ဖြတ်ကျော်ရတဲ့ လမ်းတွေကလည်း တောင်တက်တောင်ဆင်း မညီညာဘဲ ရာသီဥတုကလည်း ကြမ်းပါတယ်။

အဲဒီလိုခက်ထန်ကြမ်းတမ်းတဲ့ လမ်းခရီးကိုဖြတ်ကျော်ပြီး ဖျားနာသူတွေကို ဆေးရုံပို့ရာမှာ အခြေအနေအမျိုးမျိုးကြောင့် လမ်းတစ်ဝက်မှာတင် အသက်ဆုံးရှုံးသွားရသူတွေလည်း ရှိတယ်လို့ ခေါင်လန်ဖူးမြို့နဲ့ (၇) မိုင်ခန့်ဝေးတဲ့ ကျေးရွာအုပ်စုနေ ပြည်သူတစ်ဦးက ဒေသအခြေအနေကို ပြောပြပါတယ်။

“ ဒေသတစ်ခုနဲ့တစ်ခု မတူဘူး။ နည်းနည်းအလှမ်းဝေးတဲ့နေရာဆို လမ်းမှာလည်း ရိက္ခာအပြည့်အစုံနဲ့ သွားရတယ်။ အချိန်မမီပြီးမှ အသက်ဆုံးရှုံးသွားတဲ့လူတွေလည်း ရှိတာပေါ့နော် လမ်းမှာအခက်အခဲရှိတော့။” လို့ ဆိုပါတယ်။

ကားနဲ့ဆိုင်ကယ်လမ်း မပေါက်သေးတဲ့ ခေါင်လန်ဖူးမြို့နယ်ထဲက ကျေးရွာတွေဘက်မှာ ဆေးဆိုင်၊ ဆေးခန်းတွေမရှိပါဘူး။ အစိုးရ ကျေးလက်ကျန်းမာရေးဌာနတွေရှိပေမဲ့ အခုနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒါကြောင့် အဲဒီကျေးရွာတွေဘက်က ဒေသခံတွေဟာ လမ်းခရီးဝေးပြီး ခက်ခဲပေမဲ့ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ခေါင်လန်ဖူးပြည်သူ့ဆေးရုံကိုသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

“ဒီမှာ တခြားဆေးဆိုင်တို့ ဘာတို့မရှိဘူး။ ကျွန်တော်တို့ အားကိုးရတာ ပြည်သူ့ဆေးရုံပဲ။“ ကျေးလက်ကျန်းမာရေးဌာနပဲရှိတယ်။ ဝန်ထမ်းတော့မရှိဘူး။” လို့ခေါင်လန်ဖူးမြို့ နေ ဒေသခံတစ်ဦးက ပြောပါတယ်။

ခေါင်လန်ဖူးပြည်သူ့ဆေးရုံမှာ ဆေးဝါးမပြည့်စုံတာနဲ့ ဝန်ထမ်းမဖူလုံတဲ့အခါ ခေါင်လန်ဖူး ပြည်သူ့ဆေးရုံကတစ်ဆင့် ပူတာအိုပြည်သူ့ဆေးရုံထိ သွားရောက်ကုသရတယ်လို့ ဆိုပါတယ်။

ဖျားနာသူကို ဆေးရုံပို့ဆောင်ဖို့အတွက် အားကောင်းမောင်းသန် ထမ်းစင်ထမ်းပေးမယ့်သူတွေကို ဌားရမ်းရတာရှိတယ်လို့ အဲဒီဒေသဘက်ကို သွားရောက်ခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ တချို့ နည်းနည်းဗလကြီးတဲ့သူတွေကို ငှားခေါ်ပြီးတော့ ခေါင်လန်ဖူးကိုပို့တယ်။ ခေါင်လန်ဖူးမှာ အဆင်မပြေရင် ပူတာအိုဆေးရုံကို ပို့တာ။” လို့ ဆိုပါတယ်။

အရင်ကတော့ ခေါင်လန်ဖူးမြို့ပေါ်မှာ ဆရာဝန်ရှိပြီး ဆေးဝါးလည်း ပြည့်စုံခဲ့ပေမဲ့ လက်ရှိမှာတော့ အထက်တန်းသူနာပြုနဲ့ အငယ်တန်းသူနာပြုလောက်သာရှိသလို ဆေးဝါးပြည့်စုံမှုလည်း မရှိဘူးလို့ ခေါင်လန်ဖူးဒေသခံက ပြောပါတယ်။

ပြည်သူ့ဆေးရုံက လက်လှမ်းမမှီတဲ့ နေရာတွေကို အရပ်ဘက်အဖွဲ့အစည်း NGO တွေကနေ ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး လက်လှမ်းမှီသလောက် ဆေးဝါးကူညီပေးတာတွေတော့ရှိပေမဲ့ ဒေသအစုံတော့ မရောက်နိုင်ဘူးလို့လည်း ဆိုပါတယ်။

လူနာကို ထမ်းစင်နဲ့ထမ်းပြီး သွားရတဲ့လမ်းခရီးကတော့ မိုးတွင်းကာလဆိုရင် ရေကြီးတာနဲ့ တံတားပျက်တာတွေကြောင့် လမ်းခရီးတော်တော်ခက်ခဲသလို ပွင့်လင်းရာသီမှာတော့ လမ်းတံတား အဆင်ပြေပေမယ့် သွားရတဲ့လမ်းခရီးကြာချိန်ကတော့ ပုံမှန်လောက်ပဲဖြစ်ပါတယ်။

ဝေးလံခေါင်ဖျားတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းတဲ့ဒေသဖြစ်တဲ့အလျောက် ဆန်၊ဆီ၊ဆား စတဲ့အခြေခံစားသောက်ကုန်တွေကအစ ပူတာအိုမြို့နယ်ထက်ကို ပိုပြီးတော့ ဈေးကြီးမြင့်လေ့ရှိပါတယ်။

တရုတ်ပြည်နယ်စပ်ဂိတ်တွေကို ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ပင်လိုက်တဲ့နောက်ပိုင်း အဲဒီဒေသဘက်က ပြည်သူတွေဟာ အမြင့်ပေ (၆၀၀၀) နီးပါးရှိတဲ့ ဂျန်အွမ်းရဇီတောင်ကို ခြေကျင်ဖြတ်ကျော်ပြီး ခေါင်လန်ဖူးမြို့ဘက်ကနေ စားနပ်ရိက္ခာတွေကို သွားရောက်ထမ်းယူနေကြရတာပါ။

စားသောက်ကုန်တွေသာမက ဆေးဝါးပစ္စည်းတွေကိုလည်း ခေါင်လန်ဖူး ဒါမှမဟုတ် ပူတာအိုလို မြို့ဘက်ကနေ အသိဆွေမျိုးတွေတစ်ဆင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်သွားရောက်တာပဲဖြစ်ဖြစ်နဲ့ ဝယ်ခြမ်းယူရတာလို့ ကြားသိရပါတယ်။ အဲဒီဒေသဘက်မှာ တိုင်းရင်းဆေးမြီးတိုလေးကိုလည်း အဓိက အားထားအသုံးပြုကြပါတယ်။

စားနပ်ရိက္ခာအတွက်ရော ကျန်းမာရေးကိစ္စရပ်တွေအတွက်ပါ သွားရတဲ့လမ်းခရီးက ဆိုးဝါးတာနဲ့ အချိန်ကြန့်ကြာတာကြောင့် အခက်အခဲတွေကြုံတွေ့ရပြီး အသက်ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိခဲ့တာကြောင့် ဒေသခံတွေကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ကို မျှော်လင့်နေကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here