မလုံခြုံမှုနဲ့ အဆင်မပြေမှုတွေကြားက နေရပ်ဒေသကို မဖြစ်မနေ ပြန်ရတော့မယ့် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်များ

210
မြစ်ကြီးနားမြို့ကစစ်ရှောင်စခန်းများဖျက်သိမ်း

နန်းမျိုးမြတ်နှင်း ရေးသားသည်

မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေကို မတ်လအတွင်းမှာအပြီး ဖျက်သိမ်းလိုက်မှာဖြစ်တဲ့အတွက် တချို့စစ်ရှောင်တွေဟာ လွန်ခဲ့တဲ့အပတ်လောက်ကတည်းက မိမိရပ်ရွာတွေဆီကို ပစ္စည်းတွေ စတင်ပြောင်းရွှေ့နေကြပါတယ်။

စစ်ကောင်စီရဲ့ ပြန်လည်နေရာချထားရေးမှာ နေမယ့်သူ၊ မိမိအစီစဉ်နဲ့ နေမယ့်သူ၊ မိမိနေရပ်ဒေသကို ပြန်မယ့်သူဆိုပြီး ခေါင်းစဉ် (၃) ခုခွဲပြီးတော့ စခန်းတွေကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။

မြစ်ကြီးနား- လိုင်ဇာ လမ်းပေါ်က ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်ကျေးရွာနဲ့ မလှမ်းမကမ်းက တောင်တစ်ခုမှာ လွန်ခဲ့တဲ့ ဇန်နဝါရီလ လဆန်းပိုင်းလောက်ကပဲ လက်နက်ကြီးသံတွေနဲ့ သေနတ်သံတွေ ကြားနေရတာကြောင့် ရွာကိုရောက်နှင့်နေကြတဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ဒေါ်ဆန်လုက ပြောပါတယ်။

“စစ်ရှောင်စခန်းဖျက်သိမ်းမယ်ဆိုရင် ဘယ်လိုနေရတော့မလဲ၊ လူကြီးတွေက ဘယ်လိုစီစဉ်နေသလဲဆိုပြီး ကျမတို့တောင် စိတ်မကောင်းဖြစ်နေတယ်။ ကျမတို့အတွက်တော့ နည်းနည်းမှတောင် လုံခြုံမှုမရှိဘူး။” လို့ဆိုပါတယ်။

နေရပ်ပြန်မယ့် ကျေးရွာတွေဟာ အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိသလို အိမ်ခြံမြေကွက်တွေကလွဲလို့ ကျန်တဲ့နေရာတွေကို မိုင်ရှင်းလင်းရေးလည်း မလုပ်ထားတဲ့အတွက် စိုက်ပျိုးလုပ်ကိုင်မယ့် မြေနေရာမရှိဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင်ရွာအတွင်းမှာ ကျောင်းမရှိ၊ လျှပ်စစ်မီးမရှိ၊ ရေတွင်းမရှိ၊ တောင်ယာခုတ်စားဖို့လည်း ကန့်သတ်နယ်မြေတွေ ဖြစ်နေတာကြောင့် အတည်တကျနေထိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်သေးတဲ့ အခြေအနေဖြစ်တယ်လို့လည်း စစ်ရှောင်တွေက ဆိုပါတယ်။

နေရပ်ပြန်မယ့် စစ်ရှောင်တွေထဲက တချို့တစ်ဝက်လောက်ဟာ နေအိမ်တွေ မရှိသေးတဲ့အတွက် ဆောက်လုပ်ရဦးမှာဖြစ်သလို တချို့ကျေးရွာတွေဆိုရင် နယ်မြေရှင်းလင်းရေးနဲ့ပတ်သက်ပြီး ပြုလုပ်ထားတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်ရှောင်တွေအနေနဲ့ မတ်လအကုန်မှာ စစ်ရှောင်စခန်းကနေ မထွက်သေးဘူးဆိုရင် စစ်ကားနဲ့တင်ပြီး ရွာကိုပို့မယ်လို့ ပြောနေတဲ့အတွက် မြစ်ကြီးနားမြို့အတွင်းမှာရှိတဲ့ တချို့စစ်ရှောင်စခန်းက ပြည်သူတွေဟာ နေရပ်ကို မိမိအစီအစဉ်နဲ့ အခုကတည်းက ပြန်နေကြတယ်လို့ ဒေါ်ဆန်လုက ပြောပါတယ်။

“သူတို့စစ်တပ်တွေက ကျမတို့ စစ်ရှောင်စခန်းမှာ နေနေဦးမယ်ဆိုရင် သူတို့ကားနဲ့ လိုက်ပို့ပစ်မှာလို့ ပြောတဲ့အတွက် ကျမတို့ ရပ်ရွာကလူကြီးတွေက စစ်တပ်ရဲ့ကားနဲ့မပြန်ဘဲ ရပ်ရွာကားနဲ့ပဲ ပြန်ကြမယ်လို့တော့ ပြောတယ်။ သူတို့ကားနဲ့ပြန်ရင် နိုင်ငံတကာကို တင်ပြလာမှာဆိုတော့ သူတို့ကားနဲ့မပြန်ဘဲ ကိုယ့်ဖာသာ ပြန်နိုင်ဖို့ စီစဉ်နေကြတာ။”လို့ ဒေါ်ဆန်လုက ပြောပါတယ်။

ရွာအတွင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တွေကို ဝင်ထွက်သွားလာခွင့် ပေးတာမျိုးတွေလုပ်ရင် တစ်ရွာလုံးကို မီးရှို့ပစ်မယ်လို့လည်း စစ်တပ်ကနေ ခြိမ်းခြောက်ပြောဆိုထားတာ ရှိတဲ့အတွက် စိုးရိမ်မှုတွေ ပိုမိုခံစားနေရတယ်လို့လည်း စစ်ရှောင်တွေက ဆိုပါတယ်။

စစ်ရှောင်စခန်းဖျက်သိမ်းပြီး အပြီးပြန်နေဖို့အတွက်က စစ်ရေးအခြေအနေကို ဘယ်သူမှ အာမခံချက်မပေးနိုင်တဲ့အတွက် သူတို့ရဲ့ အသက်လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့လည်း ဒေါ်ဆန်လုက အခုလိုပြောပါတယ်။

“ဒီမှာနေမယ်ဆိုရင်လည်း လုံခြုံတယ်လို့လည်း မခံစားရပြန်တဲ့အတွက် ဖြစ်နိုင်ရင် ကလေးတွေကိုပဲ မြစ်ကြီးနားမှာ ကြည့်ရှုစောင့်ရှောက်ပေး၊ နေရာချပေးရင်တော့ အနည်းငယ်ဝမ်းသာမိမှာ၊ အခုက မိသားစု အကုန်လုံးကို ပြန်ခိုင်းပြီဆိုရင် ကလေးတွေက ကျောင်းတက်နေတော့ ကျမတို့လည်း ဆွေမျိုးမရှိတဲ့ သူတွေအတွက်ကြတော့ ငှားနေမယ်ဆိုရင်တောင် ပိုက်ဆံမရှိတဲ့သူတွေက ကိုယ့်ကိုယ်ကိုဘယ်သူ့ကိုမှ မအားကိုးတတ်ဘဲ စိတ်အားငယ်နေရတယ်။” လို့ ဆိုပါတယ်။

နေရပ် ပြန်လည်နေထိုင်တဲ့အချိန် စစ်ပြန်ဖြစ်လာမယ်ဆိုရင် ကူညီမဲ့သူ မရှိတော့မှာကိုလည်း စစ်ရှောင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

စခန်းဖျက်သိမ်းပြီးတဲ့နောက် လစဉ်ထောက်ပံ့စရိတ်ကို ရပ်နားလိုက်တာမျိုးမဟုတ်ဘဲ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးအတွက် လည်ပတ်နိုင်တဲ့အချိန်အထိ (၂) နှစ်လောက် ဆက်လက်ထောက်ပံ့ပေးဖို့ စစ်ရှောင်ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

စစ်ကောင်စီက စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ ပြောဆိုနေတဲ့ အချိန် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကတည်းက နေရပ်ပြန်ဖို့ စတင်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး လာမဲ့မတ်လမှာ စခန်းကို လုံးဝဖျက်သိမ်းမယ်လို့ ထုတ်ပြန်ကြေညာတဲ့ အချိန်မှာတော့ အခုကတည်းက ပစ္စည်းတွေကို ရွေ့ပြောင်းနေကြတာလို့ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

“ဒီလ (ဖေဖော်ဝါရီလ) ၂၈ ရက်နေ့က Return Day အဖြစ်သတ်မှတ်ပြီး အဲဒီနေ့မှာတော့ တရားဝင်ကြေညာပြီးတော့ အဲဒီနေ့မှာတော့ အားလုံးပြန်ဖို့ စီစဉ်ထားပါတယ်။ မနှစ်ကတည်းက ကျနော်တို့တချို့တစ်ဝက်လောက်က အလုပ်သွားလုပ်၊ အခင်းတွေသွားလုပ်ပြီး အသွားအပြန်လုပ်နေကြပြီ။”လို့ အထက်ပါစစ်ရှောင်အမျိုးသားက ဆိုပါတယ်။

တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူတွေဟာ သူတို့လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က စွန့်လွှတ်ထားရစ်ခဲ့ရတဲ့ မိမိရပ်ရွာကို ပြန်ဖို့အတွက် အခုလို နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ တကယ်ကိုမလွယ်ကူသေးတဲ့ နေရပ်ပြန်ခရီးတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

မိမိဘဝသက်တမ်းတစ်လျှောက် အကြိမ်များစွာ စစ်ရှောင်ခဲ့ရပြီး ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်စစ်ပွဲဟာ စစ်ရှောင်ချိန် အကြာဆုံးဖြစ်တယ်လို့ အသက် (၇၀) နီးပါးရှိပြီဖြစ်တဲ့ ဒဘတ်ယန်ကျေးရွာနေ စစ်ရှောင်အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

ကတိမတည်တဲ့ စစ်တပ်တွေကြောင့် မလုံခြုံနိုင်တာဟုတ်တယ်။”

မြစ်ကြီးနားမြို့ပေါ်မှာ စစ်ရှောင်စခန်း (၂၀) ခုလောက်ရှိပြီးတော့ အများစုကတော့ မြစ်ကြီးနား-လိုင်ဇာ လမ်းပေါ်မှာရှိတဲ့ ရွာတွေကနေ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်စစ်ပွဲကြောင့် တိမ်းရှောင်ခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here