အာဏာသိမ်းပြီးနောက် အသက်မပြည့်တဲ့ကလေးငယ် ၆၀၀ ကျော်သေဆုံး။

164

 

ဖေဖော်ဝါရီ၊၁၃ (ကလေးများနေ့)

ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ ကလေးများနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ ၃ နှစ်လောက် အတွင်းမှာတော့ အသက်မပြည့်သေးတဲ့ ၁၈ အောက် ကလေးသူငယ် ၆၀၀ လောက် သေဆုံးခဲ့ရပြီးပါပြီ။

ဒီစာရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းဖြစ်ပြီး ၆၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ၂၀၂၁ ကနေ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့(၂နှစ်ကျော်အတွင်း)အထိ လက်နက်ကိုင်ပဋိပက္ခကြောင့် ကလေးငယ် ၅၀၀ ကျော် သေဆုံးခဲ့ရတာလို့ ထုတ်ပြန်ထားပါသေးတယ်။

သေဆုံးသွားတဲ့ ကလေးတွေထဲမှာ ရွာအတွင်းတိုက်ပွဲဖြစ်လို့ သေနတ်ကျည်ထိတာ၊ လက်နက်ကြီးစမှန်တာ ၊ ဖမ်းဆီးခံရပြီး စစ်ကြောရေးနဲ့ ထောင်အတွင်းသေဆုံးတာတွေ အပါအဝင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဗုံးထိမှန်ပြီး သေဆုံးခဲ့ကြသူတွေ ပါဝင်ပါတယ်။

ကလေးတွေဟာ နေအိမ်၊ ကျောင်းစာသင်ခန်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းအပြင် စစ်ရှောင်စခန်းတွေမှာ ရှိနေစဉ် လက်နက်အမျိုးမျိုးကြောင့် ထိခိုက်သေဆုံးကြရတာပါ။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေလည်း မြန်မာပြည်မှာ ဒုနဲ့ဒေးရှိနေပါပြီ။

မနှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က လိုင်ဇာဌာနချုပ်အနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁၁ ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့ရပြီး ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာလည်း ကလေးငယ် ၄၀ လောက် သေဆုံးခဲ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ (အောက်တိုဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂၇ ရက်) အတွင်း နမ့်ဆန်မြို့အပါ ရှမ်းပြည်နယ်မြောက်ဒေသမှာ လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးခဲ့ကြရတဲ့ ကလေးငယ် ၂၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ကလေးငယ် ၄၇ ဦးရှိတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က တိုက်ပွဲလက်ကျန် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးငယ် ၃ ဦး‌သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ကယားပြည်နယ်၊ ရှားတောမြို့နယ်က ဒေသခံ ၇ ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်တဲ့ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အသက် ၃ နှစ်ကနေ ၇ နှစ်အရွယ်ကလေး ၄ ဦးပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရွာက စသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲချလိုက်လို့ ကလေး ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကလေးသူငယ်သေဆုံးသူဟာ အယောက် ၂၀၀ နီးပါးခန့်ရှိပြီး ကျန်တဲ့ အယောက် ၃၀၀ ကျော်ဟာ မကွေး၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ရှမ်း၊ တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ ကရင်၊ ကယား၊ မွန်၊ ကချင်၊ ဧရာဝတီနဲ့ နေပြည်တော်တို့က ကလေးတွေဖြစ်ကြပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီက ဖမ်းဆီးထားတာကို ခံထားရတဲ့ ကလေးသူငယ်ဟာ အယောက် ၇၀၀ ကျော်ရှိပြီး အဲဒီထဲမှာ အများဆုံးက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်တယ်လို့ (AAPP) ရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

ဒါဟာကောက်ယူထားနိုင်တဲ့ စာရင်းတွေကို AAPP က ထုတ်ပြန်ထားတာပါ။ လက်တွေ့မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့လည်း ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၆ ခုနှစ်မှာ ကမ္ဘာ့ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေရဲ့ အခန်း(၁၇) ပုဒ်မ ၆၀ မှ ၆၅ အတွင်းပါရှိတဲ့ ပြဌာန်းချက်အရ လက်နက်ကိုင်ပဋိပက္ခကြောင့် ကလေးတွေကို ထိခိုက်နစ်နာမှုမရှိအောင် သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အလေးထားဂရုပြုရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးကို ဖော်ပြထားပါတယ်။

ဒီဥပဒေက မြန်မာနိုင်ငံအတွက်ကတော့ စာမျက်နှာပေါ်မှာပဲ ရှိနေပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကလေးတွေ သတ်ဖြတ်ခံရတဲ့အပြင် ပညာသင်ယူခွင့်ဆုံးရှုံးတာ၊ ဆေးကုသခံယူခွင့် ဆုံးရှုံးတာ၊ လွတ်လပ်စွာအသက်ရှင် နေထိုင်ခွင့်ဆုံးရှုံးတာတွေနဲ့ ကျန်းမာရေးစောင့်ရှောက် မှုဆုံးရှုံးတာတွေကို နိုင်ငံအနှံ့ကကလေးတွေ ကြုံတွေ့ခံစားနေကြရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here