Stay at Home သတ်မှတ်ထားတဲ့မြို့နယ်က ပြန်လာရင် Quarantine ဝင်ကြပါ

684

Covid 19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ကူးစက်ခံရသည့် ကမ္ဘာ့နိုင်ငံအသီးသီးနိုင်ငံပေါင်း (၂၃၀)တွင် မြန်မာနိုင်ငံသည် အဆင့် (၆၉)တွင် ရပ်တည်နေသည်။

Covid-19 ကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်တို့၏ သဘောသဘာ၀ အရ ဗီဇပြောင်းလဲမှု အသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း အဆိုပါနိုင်ငံက ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ စုစုပေါင်း တစ်သိန်းကျော် ရှိလာပြီး ကိုဗစ်ကြောင့် သေဆုံးသူလည်း (၂,၅၀၀)နီးပါး ရှိလာပြီဖြစ်သည်။ ပြန်လည်သက်သာပြီး ပိုးပြန်လည်ကင်းစင်ခဲ့သူ (၉)သောင်းကျော်ရှိပြီး လက်ရှိဆေးကုသမှုခံယူနေသော လူနာ(၁၈,၀၀၀)ကျော် ရှိနေဆဲဖြစ်သည်။ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် (၄) ရက်ဆက်တိုက်(၅)ရာခိုင်နှုန်းအောက် ကျဆင်းသည်ကို တွေ့မြင်ရသည်။ ယခုကဲ့သို့ ကျဆင်းလာခြင်းမှာလည်း သတင်းကောင်းတစ်ရပ်ပင်။
ကချင်ပြည်နယ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာများသည် နေ့စဉ် တစ်ရက်လျှင် (၁၀)ဦးနှင့်အထက် တွေ့ရှိမြဲ ဖြစ်နေသည်။ ဒီဇင်ဘာ (၂၁)ရက်နေ့အထိ စာရင်းအရ ပိုးတွေ့လူနာစုစုပေါင်း (၅၂၂) ဦးရှိခဲ့ပြီး ယင်းအနက်ပြန်လည် သက်သာပျောက်ကင်းသူ (၃၈၂ )ဦး ရှိခဲ့ပြီ ဖြစ်သည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ခရီးသွားရာဇဝင်မရှိ၊ ရောဂါပိုးတွေ့သူနှင့် ထိစပ်မှု မရှိသည့် အနံ့ပျောက်ရောဂါ လက္ခဏာရှိလူနာများလည်း နိုဝင်ဘာ (၂၁)ရက်နေ့မှ စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ လူထုအတွင်း ဆက်လက် ကူးစက်ပြန့်ပွားမှုနှုန်း အလွန်မြင့်မားလျက်ရှိနေသည်။

ယခုကဲ့သို့ Covid-19 ဒုတိယလှိုင်းကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို ပြည်သူများ အပြင်းအထန်ခံစားနေရရာ ပြည်သူလူထုအတွင်း ဆက်လက် ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးလှသည်။

အစိုးရကလည်း ရောဂါထိန်းချုပ်တားဆီးနိုင်ရေးအတွက် တင်းကျပ်စွာ လုပ်ဆောင်နေသကဲ့သို့ Quarantine Center များလည်း တိုးချဲ့ခြင်း၊ အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ကျန်းမာရေးဝန်ထမ်းများ အားဖြည့်ခြင်းတို့ဖြင့် လုပ်ဆောင်နေရသည်။

အထူးသဖြင့် စီးပွားရေးမြို့တော် ဖြစ်သည့် Stay at Home သတ်မှတ်ထားသည့် ရန်ကုန်တွင် ရောဂါပြန့်ပွားနှုန်းနှင့် သေဆုံးမှုနှုန်းမှာ တိုးမြင့်လျက် ရှိနေသည်။ အနံ့ပျောက်လက္ခဏာဖြင့် လာရောက်ပြသကြသော လူနာများလည်း ဆက်လက်တိုးမြင့်နေသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက Stay at Home သတ်မှတ်ထားသည့် မြို့နယ်မှ ပြန်လာကာ Quarantine မဝင်ဘဲ သွားလာခဲ့သူထံမှ ပိုးတွေ့ရှိခဲ့ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် ၎င်းနှင့် ထိတွေ့ခဲ့သူများထံမှ ပိုးတွေ့လူနာ ဆက်လက်တိုးလာပြီး ပြည်သူလူထုများ စိုးရိမ်ခဲ့ကြရသည်။

ထို့ကြောင့် ကူးစက်မှုလျော့ကျလာရန် ပိုးတွေ့ရှိရာ ဒေသမှ လေကြောင်းခရီးစဉ်နှင့် သော်လည်းကောင်း၊ ရထား၊ ကားတု့ိဖြင့် ကချင်ပြည်နယ်အတွင်း သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာမည့်သူများသည် မဖြစ်မနေ စနစ်တကျ အသွားအလာကန့်သတ်ခြင်း Hotel Quarantine (သို့) Facility Quarantine (၇)ရက်ဝင်ရောက်ရန် လိုအပ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန် မြစ်ကြီးနားသတင်းဂျာနယ်က ရေးသားဖော်ပြအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here