ကချင်ပြည်နယ်အတွင်းရှိ တပ်သိမ်းမြေ ပြဿနာများကို ဖြေရှင်းပေးသွားမည် ဖြစ်သည့်အတွက် စာရွက်စာတမ်းနှင့် အထောက်အထားစုံလင်စွာ တင်ပြရန် လိုအပ်ကြောင်း စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။
တောင်သူများ ကြုံတွေ့နေရသည့် မြေယာပြဿနာများနှင့် ပတ်သက်ပြီး တင်ပြလာသည်များကို မြေပြင်အထိ သွားရောက် ကွင်းဆင်းစစ်ဆေးပြီး ကူညီပေးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။
“တပ်သိမ်းမြေကိစ္စနဲ့ပတ်သက်တဲ့ ဟာတွေကို သိမ်းခံရတဲ့သူတွေ အကျိုးအကြောင်း ကောင်းကောင်း စုံစုံလင်လင်နဲ့ တင်ပြလာတဲ့အခါမှာ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးတယ်။ ကူညီဆောင်ရွက် ပေးတယ်၊” ဟု ဦးခက်ထိန်နန်က ပြောသည်။
အစိုးရအပြောင်းအလဲဖြစ်နေချိန် တောင်သူများ တင်ပြ လာသည်များကို မြေပြင်အထိ ကွင်းဆင်းစစ်ဆေး ပြီးနောက် သက်ဆိုင်ရာဌာနအဆင့်ဆင့်၏ တင်ပြချက် ပေါ်မှုတည်ပြီး စစ်တပ်နှင့် ညှိနှိုင်းပေးမှုများကို ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးခက်ထိန်နန်က ဆိုသည်။
ကချင်ပြည်နယ်အတွင်း မြေယာပြဿနာနှင့် ကြုံတွေ့နေရသည်မှာ မိုးညှင်ခရိုင်တွင် အများဆုံးဖြစ်ကြောင်းနှင့် ကျန်ခရိုင်များတွင် အနည်းအကျဉ်း ရှိကြောင်း ပြည်နယ်အတွင်းရှိ မြေယာပြဿနာ ကြုံနေရသည့် တောင်သူများကို ကူညီပေးသူအမျိုးသမီး တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ဖြေကြားခဲ့ဖူးသည်။
လက်ရှိစစ်ကောင်စီ အုပ်ချုပ်နေချိန်အတွင်း တပ်သိမ်းမြေကိစ္စနှင့်ပတ်သက်ပြီး မိုးညှင်းမြို့နယ်မှ တပ်သိမ်းဆည်းခံ လယ်ပိုင်ရှင် အမျိုးသားတစ်ဦးက “ငါတို့တောင်မရသေးဘူး၊ တပ်သိမ်းမြေ အခုထိတင်နေရတုန်း၊ သူတို့ဘာမှမကြားသေးပါဘူး မောင်ရယ်။ ဒီလိုပါပဲ အပေါ်ကသာပြောတာ အောက်ကဘာမှမှ မလုပ်တာကြီးကို။” ဟု ပြောသည်။
အဆိုပါ တောင်သူများသည် အစိုးရခေတ်အဆက်ဆက် အထောက်အထားများဖြင့် သက်ဆိုင်ရာသို့ စာအကြိမ်ကြိမ်တင်ပြခြင်းအပြင် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင်မရရှိသေးကြောင်း သိရသည်။
စစ်တပ်က ၎င်းတို့ကိုယ်တိုင် သိမ်းဆည်ခဲ့သည့် မြေယာများဖြစ်သည့်အတွက် လက်ရှိ နိုင်ငံတော် အာဏာကို သိမ်းယူ အုပ်ချုပ်နေချိန်အတွင်း တပ်နှင့် တောင်သူများ၏ မြေယာပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးရန် မျှော်လင့်ကြောင်း မိုးညှင်းတောင်သူအရေး ဆောင်ရွက်သူအမျိုးသမီးက တောင်သူများကိုယ်စား ပြောဆိုသည်။
“သူတို့ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ စောင့်ကြည့်ချင်တယ်၊ မျှော်လင့်တာကလည်း သူတို့ကိုယ်တိုင် လုပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့ရှင်းပေးနိုင်မယ်လို့လည်း မျှော်လင့်တာပေါ့၊” ဟု ဆိုသည်။