တုတ်ထိုး – အခုထိခေတ်မီနေတုန်းပဲဗျို့။ လေးစားတယ်။ လေးစားတယ်။
အိုးပေါက် – ဘာတွေလေးစားနေတာတုန်း။
တုတ်ထိုး – ဟိုးတုန်းက ကာတွန်းအခုဖတ်ပြီး သဘောကျနေတာဗျ။
အိုးပေါက် – ဘယ်သူ့ကာတွန်း တုန်း။
တုတ်ထိုး – ဟံသာဝတီသတင်းစာမှာပါတဲ့ ကာတွန်းဆရာကြီး ဖေသိန်းရဲ့ ကာတွန်းဗျ။
အိုးပေါက် – ဝေမျှပါဦးဗျာ။ ကာတွန်းမှာ ဘာတွေပြောထားသတုန်း။
တုတ်ထိုး – ကာတွန်းမှာပါတဲ့ စာတွေက ဘာတဲ့။ ငြိမ်းရေးနဲ့ ခွာပြဲလျက်ရှိသော ချာရာဏသီပြည်ကြီးတွင် အီလယ်လယ်မင်းကြီး အုပ်ချုပ်မင်းလုပ်၍သာ ခွေယိုင်အတိုက်အခံနှင့် အူကြောင်ကြောင် သတင်းစာတို့ကြောင့် လူထုခမြာမှာ အီလယ်ခွေယိုင်၍ အူတူတူဖြစ်နေတော့သတည်းတဲ့ဗျ။
အိုးပေါက် – ဟား ဟား ဟား။ အခုထိတော့ ကျုပ်တို့ပြည်သူတွေ အူတူတူ ဖြစ်နေတုန်းပဲဗျို့။ ငြိမ်းချမ်းရေး ကလည်း အီလယ်လယ်ပါပဲ။ အတိုက်အခံတွေကလည်း ကိုယ်နဲ့ မတူရန်သူ သဘောထားနေကြတုန်းပါပဲ။
တုတ်ထိုး – ဒါနဲ့ စစ်ဦးချုပ်ကြီးက ပြည်သူတွေကို တောင်းပန်လိုက်တဲ့သတင်း ကြားမိသေးလားဗျ။
အိုးပေါက် – အဟွတ်။ အဟွတ်။ ဖြည်းဖြည်းပြောပါဗျာ။ ကျုပ်ရေနွေးသောက်တာတောင် သွားကြား ညပ်သလို ဖြစ်သွားတယ်။
တုတ်ထိုး – ကျုပ်လည်း ဖြည်းဖြည်းပြောနေတာပဲဗျ။ ခင်ဗျားက နေရင်းထိုင်ရင်း ဘာဖြစ်သွားတာတုန်း။
အိုးပေါက် – ခင်ဗျားပဲပြောတယ်လေ။ စစ်ဦးချုပ်ကြီးက ပြည်သူတွေကိုတောင်းပန်တယ်ဆို။
တုတ်ထိုး – ဟုတ်တယ်လေ။ စစ်သားတွေကို အပြစ်မတင်ပါနဲ့။ စစ်တပ်ကိုလည်း အပြစ်မတင်ပါနဲ့။ တကယ်အပြစ်ရှိတာကျွန်တော်ပါဆိုပြီး တောင်းပန်လိုက်တာလေ။
အိုးပေါက် – အဟွတ် အဟွတ် စစ်ဦးစီးချုပ်ကြီးက တောင်းပန်သတဲ့လား။
တုတ်ထိုး – ခင်ဗျား ဘာတွေတွေးနေတာလဲ။ အခုတောင်းပန်လိုက်တဲ့ စစ်ဦးစီးချုပ်ကထိုင်းတပ်မတော်က ထိုင်းစစ်ဦးစီးချုပ်ပါခင်ဗျ။ သူ့လက်အောက်ငယ်သားတစ်ယောက်ကြောင့် ပြည်သူတွေ အသက်အန္တရာယ် ကျရောက်ရတာ သူ့ကြောင့်ပါဆိုပြီး မျက်ရည်တွေကျပြီး တောင်းပန်တာဗျ။
အိုးပေါက် – ထင်တော့ ထင်သား။ တို့ဆီကတော့ တောင်းပန်စရာ အကြောင်းမရှိပါဘူးလို့။
တုတ်ထိုး – ဟေ့လူ၊ ဟေ့လူ နိုင်ငံရေးတွေမပါကြေး။
အိုးပေါက် – ကျုပ်က ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်။
တုတ်ထိုး – ဟင်းဟင်းဟင်း။ ငါးပိကြော်နံ့တော့ နံနေပါပြီ။
အိုးပေါက် – ကျုပ်က ရိုးရိုးပြောတာ။ ခင်ဗျားက ဆန်းဆန်းတွေးတာ။
တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။
အိုးပေါက်– ဒါနဲ့စကားမစပ်ဗျာ။ ဖြစ်သွားတဲ့ အမှုတစ်ခု ခင်ဗျားလည်း ဖတ်မိမှာပါ။ ချစ်သူနှစ်ယောက် ချိန်းတွေ့စကားပြောနေတုန်း ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ယောက် ရောက်လာပြီး ဖုန်းနဲ့ပိုက်ဆံအိတ် လုယက်တဲ့ အတွက် ကောင်မလေးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတယ်။ ဒီတော့ လုယက်သူတစ်ဦးက သံချောင်းနဲ့ရိုက်တယ်။ ဦးခေါင်းဒဏ်ရာနဲ့ကောင်မလေး ထွက်ပြေးပြီး အကူအညီ တောင်းတယ်။
တုတ်ထိုး – ဖြစ်မှဖြစ်ရလေဗျာ။ ပီးပေါ် ပီးပေါ်တွေက မလာဘူးလား။
အိုးပေါက် – ဘာတုန်းဗျ။ ပီးပေါ် ပီးပေါ်။
တုတ်ထိုး – မြန်မာကားတွေထဲမှာလေ ရဲတွေက ပြီးမှပေါ်လာလို့။ ပီးပေါ်လို့ခေါ်တာ။ ဟဲ ဟဲ ဟဲ။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။
တုတ်ထိုး – ဆက်ပြောပါဦးဗျာ။
အိုးပေါက် – ကောင်မလေး အော်ဟစ်အကူအညီတောင်းနေချိန်မှာ ချစ်သူကောင်လေးက လုယက်သူ နှစ်ယောက်နဲ့ လုံးထွေးသတ်ပုတ်ကျန်ရစ်တယ်။ အဲ့ဒီမှာ လုယက်သူတွေက ဓားနဲ့ခုတ်တယ်။ ချစ်သူ ကောင်လေးဒဏ်ရာရတယ်။ အဲ့ဒီမှာ လုယက်သူနှစ်ဦးရဲ့ ရန်ကို ကာကွယ်ခုခံရင်းနဲ့ လုယက်သူ နှစ်ယောက်သေဆုံးခဲ့ရတယ်ဗျ။
တုတ်ထိုး – ဟောဗျာ။
အိုးပေါက် – လုယက်သူနှစ်ယောက်က လုယက်မှုနဲ့ထောင်ကထွက်လာတာ မကြာသေးဘူးတဲ့ဗျ။
တုတ်ထိုး – လူတွေ ကိုယ်ကျင့်တရားပျက်ယွင်းလာကြပြီဗျ။
အိုးပေါက် – တော်သေးတာပေါ့ဗျာ။ ဟိုကောင်လေး အသက်ရှင်သေးလို့။
တုတ်ထိုး – မတော်သေးဘူးဗျ။ အဲ့ဒီကောင်လေးကို လူသတ်မှုနဲ့ ပြန်တရားစွဲထားသတဲ့ဗျ။
အိုးပေါက် – ဗျာ၊ ဘယ်လို ဘယ်လို။
တုတ်ထိုး – အဲ့ဒီကောင်လေးက မခုခံနိုင်ခဲ့ရင် ကောင်လေးလည်း သေသွားနိုင်တယ်။ သူနဲ့ပါလာတဲ့ ကောင်မလေးလည်း ဘဝပျက်သွားနိုင်တယ်။ ခုတော့ ပြန်လည်ခုခံရင်းနဲ့ လူသတ်သမားအဖြစ် တရားစွဲခံနေရပြီ။
အိုးပေါက် – တရားဥပဒေ စိုးမိုးရေးကလည်း အူကြောင်ကြောင်ကြီးပါလားဗျာ။
တုတ်ထိုး – ဥပဒေအရကတော့ တစ်စုံတစ်ယောက်က ရန်မူလာရင်တော့ မိမိကိုထပ်မံပြီး ရန်မမူနိုင်တဲ့အထိ ခုခံပိုင်ခွင့်ရှိသတဲ့ဗျ။ ပြီးတော့ရှိသေးတယ်။ မိမိနှင့် အခြားသူအားဘေးဖြစ်စေလျှင် သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေလျှင်သော်လည်းကောင်း မုဒိမ်းကျင့်ရန် ဓမ္မတာအတိုင်းမဟုတ်ဘဲ ဆန့်ကျင်သည့် လက်ရောက်မှုသော်လည်းကောင်း၊ စသဖြင့် ကျူးလွန်သည့်မည်သူမဆို အသက်သေစေသည် အထိ ရာဇသတ်ကြီးပုဒ်မ ၁၀၀အရ ကာကွယ်ခုခံနိုင်သတဲ့ဗျ။
အိုးပေါက် – ဒီကလေးက ခုခံကာကွယ်ရင်း ဖြစ်သွားတယ်လို့ယူဆမိတယ်။
တုတ်ထိုး – တရားကိုနတ်စောင့်ပါစေဗျာ။ တရားကို အဘတို့မစောင့်ပါစေနဲ့ဗျာ။
အိုးပေါက် – ဒါနဲ့ ဗစ်တိုးရီးယားအမှုဘယ်လို ဖြစ်သွားပြီလဲ။
တုတ်ထိုး – တရားခံအစစ်အမှန်ကို ဒီနေ့အချိန်ထိဖော်ပြနိုင်ခြင်း မရှိသေးဘူး။ သမ္မတကြီးကတော့ ညွှန်ကြားထားတယ်။ ဗစ်တိုးရီးယားအမှုမှာ တာဝန်ပျက်ကွက်ခဲ့သူတွေကို အရေးယူဖို့တဲ့ဗျ။
အိုးပေါက် – တာဝန်ပျက်ကွက်သူတွေကို အရေးယူဖို့လိုသလို တကယ့်တရားခံ အစစ်ကိုလည်း ဖမ်းမိဖို့လိုတယ်။ အခုဟာက တရားဥပဒေစိုးမိုးရေးကိုယ်တိုင် မုဒိန်းကျင့်ခံလိုက်ရတာပါပဲ။
တုတ်ထိုး – ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ မိုးကြီးချုပ်တော့မှာပါပဲ။
အိုးပေါက် – ကြားရတဲ့သတင်းတွေက စိတ်ချမ်းသာစရာတွေ မရှိပါဘူး။ ဒီကြားထဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကြီးက ရှိနေသေးတယ်ဗျာ။
တုတ်ထိုး – ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကနေ စီးပွားရေးကပ်တွေ ဆိုက်လာဦးမလားစိတ်ပူမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နဲ့မြန်မာစီးပွားရေးက ဆက်နွယ်နေတာကိုး။ တရုတ်ကို ပို့တဲ့ကုန်တွေလည်း ရပ်ကုန်တယ်။ တရုတ်ခရီးသွားတွေလျော့ကုန်တယ်။ မြန်မာ အထည်ချုပ်စက်ရုံတွေလည်း တရုတ်ကို အားကိုးနေရတယ်။ ပိုးလမ်းမသစ် စီမံကိန်းကြီးကလည်း ဒီဗိုင်းရပ်စ်ကြောင့် နှောင့်နှေးကြန့်ကြာသွားနိုင်တယ်ဗျ။
အိုးပေါက် – တရုတ်နဲ့ အဝင်အထွက်မပြတ်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ သတိကြီးကြီး ထားကြရမှာ အမှန်ပါပဲ။
တုတ်ထိုး – အင်း။ ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ဥပဒေသစ်တစ်ရပ် ပြဌာန်းဖို့ ပြင်နေပြီလို့တော့ သိရတယ်ဗျ။
အိုးပေါက် – ကျုပ်လည်း ကြားတယ်ဗျ။ ဥပဒေကြမ်းရဲ့အခန်း (၇)ပုဒ်မ ၁၅ (ခ)မှာ ဘာဖော်ပြထားသလဲ ဆိုတော့ အိမ်ထောင်ဦးစီးသို့မဟုတ် အိမ်ထောင်စုဝင်တစ်ဦးဦး လုပ်ငန်းရှင် သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ် တစ်ဦးဦးသည် ကူးစက်ရောဂါဖြစ်ပွားခြင်း သို့မဟုတ် ဖြစ်ပွားသည်ဟု သံသယရှိခြင်း၊ သတင်းပို့ တိုင်ကြားရမည့် ကူးစက်ရောဂါ ဖြစ်ပွားခြင်းတို့အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အစိုးရ ကျန်းမာရေးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန တစ်ခုခုသို့ သတင်းပို့တိုင်ကြားရမည် လို့ဖော်ပြထားသဗျ။ သတင်းပို့ပျက်ကွက်ခဲ့ရင်တော့ ငွေဒဏ် ကျပ်သုံးသောင်းကနေ ငါးသောင်း လုပ်ငန်းရှင် သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်က ပျက်ကွက်လျှင် ဆယ်သိန်းကျပ်မှ သိန်းသုံးဆယ်ကျပ်အထိ ငွေဒဏ်ချမှတ်နိုင်သတဲ့ဗျ။
တုတ်ထိုး – ဗျာ။
အိုးပေါက် – ရှိသေးတယ်။ အခန်း(၈) ပုဒ်မ(၂၀)မှာ ဘာဖော်ပြထားသလဲဆိုတော့ ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခြင်း ခံရသော အဖွဲ့အစည်း သို့မဟုတ် ကျန်းမာရေး အရာရှိသည် ကူးစက်ရောဂါ သို့မဟုတ် ကူးစက်မြန်ရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်သော နေရာ၊ လူပဂ္ဂိုလ်၊ ပစ္စည်း၊ တိရစ္ဆာန်၊ ယာဉ်၊ အချက်အလက်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အများပြည်သူ အထိတ်တလန့်ဖြစ်စေနိုင်မည့် သတင်းရယူခြင်း၊ ပြောဆိုခြင်း၊ ရေးသားခြင်း သို့မဟုတ် သတင်းထုတ်ပြန်ခြင်းမပြုရန် ကာလသတ်မှတ်၍ တားမြစ်ပိတ်ပင်နိုင်ခြင်းဆိုတာလည်း ပါသေးသဗျ။
တုတ်ထိုး – သတင်းထုတ်ပြန်ခြင်း မပြုရန်တို့ ဘာတို့ဆိုတော့ ဒါဟာ သတင်းကို အမှောင်ချထားတဲ့သဘော ဖြစ်နေတာပဲဗျ။ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက အဲ့ဒါနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ချင် ပြန်မယ်။ မပြန်ချင် မပြန်ဘူးဆိုတဲ့သဘော သက်ရောက်နေတယ်လို့ ထင်သဗျာ။
အိုးပေါက် – ဒါပေါ့ဗျာ။ ပုဒ်မတစ်ခုတည်းမှာကို သတင်းရယူခြင်း၊ ရေးသားထုတ်လွှတ်ခြင်း နှစ်ခုစလုံးကို ထည့်သွင်းရေးသားထားတယ်။ ဒီတော့ ဥပဒေကို တလွဲအသုံးပြုရင် သတင်းမီဒီယာတွေအတွက် အန္တရာယ်ရှိတယ်။
တုတ်ထိုး – မြစ်ကြီးနား သတင်းဂျာနယ်က စည်သူတို့၊ ဆလိုင်းတို့သတင်းသမားတွေ သတိထားရမယ့် ဥပဒေပဲဗျို့။ တော်ကြာ ရောဂါသတင်းဖော်ပြလို့ ထောင်နှုတ်ခမ်းလမ်းလျှောက်နေကြရဦးမယ်။
အိုးပေါက် – ကဲပါဗျာ။ စကားဝိုင်းလည်း ကြာနေပြီ။ ဒီမှာပဲ ရပ်လိုက်ကြပါစို့။
တုတ်ထိုး – အင်း ဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုကိုထိန်းချုပ် နိုင်ကြပါစေဆုတောင်းသလို လာဘ်ပေးလာဘ်ယူ ဗိုင်းရပ်စ်များလည်း ကင်းဝေးနိုင်ကြပါစေဗျာ။
အိုးပေါက် – ပီးပေါ်များလည်း အမှုတွေ ပေါ်နိုင်ကြပါစေဗျာ။
တုတ်ထိုး – လွှတ်တော်အတွင်းမှ တချို့တချို့သော လွှတ်တော်အမတ်မင်းများအနေနဲ့လည်း ကြမ်းတမ်းရုန်းရင့်တဲ့ စကားလုံးများနဲ့ ဟီရိသြတ္တပ္ပတရား ကင်းမဲ့ကြောင်းကို နှုတ်အမူအရာ ကိုယ်အမှုအရာတွေနဲ့ ကိုယ့်အထုပ်ကိုကိုယ် ဖြည်ချ သလို စကားမျိုးမပြောမိပါစေကြောင်း မေတ္တာရည်လောင်း လိုက်ရပါရဲ့ဗျာ။
အိုးပေါက် – လွှတ်တော်အသံ ပွက်ပွက်ညံမှသည် လွှတ်တော်အသံ ပြည်သူအသံဖြစ်ပါစေကြောင်းပါဗျာ။