ပမ္မတီးစစ်ရှောင်စခန်းမှ အမျိုးသမီးများ အကူအညီလိုအပ်နေ

0
1749

မြစ်ကြီးနားမြို့နယ် ပမ္မတီးနယ်မြေ ၅ ရှိ စစ်ရှောင်ပြည်သူများသည် အခြား စစ်ရှောင်စခန်းများနှင့် တန်းတူ ကူညီထောက်ပံ့မှုများမရရှိသဖြင့် အမျိုးသမီးများအနေဖြင့် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ရှိနေသည်ဟု ယင်းစစ်ရှောင်စခန်းမှ အမျိုးသမီးများက ပြောသည်။

ယင်း စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၀ ကျော်လူဦးရေ ၁၅၀ ကျော်ရှိပြီး မိုးကောင်းမြို့နယ် အတွင်းရှိ ကဆုန့်ကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသည့် ခါနန်ကျေးရွာမှ လာရောက်စစ်ရှောင်နေကြသူများ ဖြစ်သည်။ မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လမှစပြီး ပမ္မတီး နယ်မြေ ၅ သို့ ရောက်ရှိလာသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း တရားဝင်အသိအမှတ်ပြုမခံရသကဲ့သို့ ဖြစ်နေသည့်အတွက် ကူညီမှု၊ထောက်ပံ့မှုများ လိုအပ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

စစ်ရှောင်စခန်းရှိ အမျိုးသားများမှာ ရပ်ဝေးသို့ အလုပ် သွားနေရသည့်အခါ စခန်းတွင် အမျိုးသမီးများနှင့် ကလေးများသာ အများစု ကျန်ခဲ့သောကြောင့် အမျိုးသမီးများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နယ် အတွင်းတွင် စစ်ရှောင်စခန်းစုစုပေါင်း ၃၀ နီးပါးရှိပြီး ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့(World Food Programme)မှ ထောက်ပံ့မှုများ၊ ကြက်ခြေနီအသင်းမှ ထောက်ပံ့မှုများ၊ အခြားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ထောက်ပံ့မှုများကို ရရှိကြသည်။
သို့သော် ပမ္မတီးစစ်ရှောင်စခန်းမှမူ ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ ဝက်မွေးမြူရန် ထောက်ပံ့သော မတည်ငွေ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၄ သိန်းစီ၊ လူမှုရေးဝန်ကြီးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ပေးသည့် ယခုနှစ် သြဂုတ်လ တစ်လစာအတွက် ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးခြင်းမှလွဲ၍ မည်သည့်အထောက်အပံ့မှ မရကြဟု စစ်ရှောင်စခန်းနေ ပြည်သူများက ပြောသည်။
ပမ္မတီး နယ်မြေ ၅ စစ်ရှောင်စခန်းတွင် နေထိုင်သူ ဒေါ်အားချာက “အခု လူမှုရေးဝန်ကြီးတို့ ၈ လပိုင်းမှာ ထောက်ပံ့ထားတဲ့ ဆန်တွေ နည်းနည်းရှိသေးတယ်။ ဒါကုန်ရင်တော့ ဘယ်လိုနေရမလဲမသိဘူး။ နေ့စားအလုပ်ရှိရင်တော့ သွားရတယ်။ နေ့စား မရတာမျိုးဆိုရင် ဒီလိုပဲခက်ခက်ခဲခဲ ဖြတ်သန်းရတာပေါ့”ဟု ပြောသည်။

စစ်ရှောင်စခန်းတွင် နေအိမ်အများစုကို မိုးကာတာလပတ်များဖြင့် တည်ဆောက်ထားသောကြောင့် မိုးရာသီ ဝင်စကလည်း မုန်တိုင်းကြောင့် တဲအိမ်တိုင်း အမိုးအကာများ စုတ်ပြဲ၍ ပြိုသွားသည့် အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုကြသည်။ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှ တဲပြန်လည် တည်ဆောက်နိုင်ရန် ဝါးအချောင်း ၂၀၊ မိုးကာ တာလပတ် သုံးချပ်နှင့် သွပ်ကြိုးများကို ထောက်ပံ့ပေးသည့် နောက်ပိုင်း ပြန်လည်အဆင်ပြေခဲ့ရသည်ဟု သိရသည်။

လက်ရှိ စစ်ရှောင်စခန်းတွင် လျှပ်စစ်မီးလည်း လိုအပ်နေသည်ဟု အသက် ၅၀အရွယ် လီဆူတိုင်းရင်းသူ ဒေါ်နောမာဟာက ပြောသည်။ “အိမ်က ခုချိန်မှာ နေဖို့တော့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ အိမ်တိုင်းမှာ ကျောင်းသား၊ ကျောင်းသူ ကလေးတွေရှိတော့ ဆိုလာပြားမီးလေးနဲ့ ကလေးတွေ စာဖတ်လို့ အဆင်ပြေအောင် အဲဒါလေး လိုချင်ပါတယ်”ဟု ပြောသည်။
အနီးအနား ဝန်းကျင်တွင် နေ့စားအလုပ်မရှိသလောက် ရှားပါးသည့်အတွက် စားဝတ်နေရေး ခက်ခဲနေရုံမက ကလေးများ ဖျားနာသည့် အချိန်တွင်လည်း ဝင်ငွေမရှိသောကြောင့် ဆေးဖိုးဝါးခများ မတတ်နိုင်ကြကြောင်း ဒေါ်နောမာလာက သူမတို့ အမျိုးသမီးမိခင်များ ရင်ဆိုင်နေရသည့် အခက်အခဲကို ဆက်လက်ပြောသည်။

မူလနေရပ်ဖြစ်သည့် ခါနန်ကျေးရွာတွင် တောင်ယာခုတ်ကာ စပါးစိုက်ပျိုးခြင်း၊ တောထဲ ဟင်းသီး ဟင်းရွက်များ ရှာဖွေခြင်း၊ မှို၊ မျှစ်စသဖြင့် ရှာဖွေစားသောက်ရသဖြင့် ဝမ်းရေးအတွက် ဖူလုံသော်လည်း ယခုလိုမြို့ပေါ်တွင် ခြံများ၊ မြေများကို မဝယ်နိုင်သည့်အတွက် စားဝတ်နေရေးအတွက် အခက်ကြုံနေရခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်းနေ အမျိုးသမီးများက ဆိုသည်။ မြစ်ကြီးနားမြို့ ပမ္မတီးနယ်မြေ ၅ ရှိ စစ်ရှောင်ပြည်သူများအနေဖြင့်တော့ တရားဝင် အသိအမှတ်ပြု ခံရရန် မျှော်လင့်နေကြသည်။

ပမ္မတီးစစ်ရှောင်စခန်းတာဝန်ခံ ဦးဒွဲအောင်ကတော့ “ကျွန်တော်တို့အနေနဲ့ရော သူတို့အနေနဲ့ ဘယ်လိုသတ်မှတ်ထားတာလဲတော့ မသိဘူး။ စခန်းကို အသစ်ဖွင့်ပေးဖို့တော့ အခုက စခန်းပိတ်သိမ်းဖို့ လုပ်နေတဲ့အချိန်မှာ ထပ်တိုးလာတော့ အသိအမှတ်ပြုပေးမယ့်စာရင်းမှာ မပါတဲ့သဘော သက်ရောက်နေတာပေါ့နော်”ဟု ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများ ယခုနေရာသို့ ပြောင်းရွှေ့မလာမီ နမ္မတီးကံလှတွင် နေထိုင်ခဲ့စဉ် ကချင်အမျိုးသမီး အဖွဲ့အစည်းမှ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ကလေးအနှီး အပါအဝင် တစ်အိမ်ထောင်စုလျှင် ဆန်အိတ် ၅အိတ်စီနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို သွားရောက် ကူညီလှူဒါန်းပေးခဲ့ဖူးသည်ဟု Kachin Women Association မှ ဒေါ်လယန်ဆိုင်းနန်က ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းနှင့် ပတ်သက်ပြီး ၎င်းက “အခု ဒီကိုပြောင်းလာတာ ခုမှ သိရတယ်။ ကျွန်မလည်း ခရီးထွက်တာ များတော့ နည်းနည်းလေး Information gap (သတင်းပြတ်သလို) ဖြစ်သွားတယ်။ ကျွန်မအနေနဲ့တော့ မီဒီယာကနေ အထက်ကို ပြောပြမယ်။ ပြီးတော့ ကျွန်မတို့ ဘယ်လိုတွေ လုပ်ဆောင်သွားမယ် ဆိုတာကို ပြန်လုပ်ပါမယ်”ဟု ပြောသည်။
မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေအကြား ၂၀၁၁ ခုနှစ်က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ယခု ၈နှစ်နီးပါးရှိချိန်အထိ ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူစုစုပေါင်း တစ်သိန်းနီးပါးရှိကာ အမျိုးသမီးများနှင့် ကလေးဦးရေမှာ ၇၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားရှိသည်ဟု ကုလသမဂ္ဂအဖွဲ့များ၏ ထုတ်ပြန်မှု စာရင်းများအရ သိရသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here