“နှာခေါင်းစည်း မတပ်တာဟာ ရှက်စရာပဲ။အိမ်ပြန်လာလို့ လက်မဆေးတာဟာ ရိုင်းပြမှုပဲ” ဆိုတဲ့ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာနေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

765

မြန်မာနိုင်ငံမှာ သြဂုတ်လလယ်လောက်က စတင်ပြီး Covid-19 ပြည်တွင်းကူးစက်မှု ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ အခုလက်ရှိ Covid-19 ဒုတိယလှိုင်းအတွင်း ပြည်တွင်းကူးစက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေပြီး တစ်ရက်အတွင်းကို ပိုးတွေ့သူ ရာချီ ရှိနေပါတယ်။ ဒီကနေ့ စက်တင်ဘာလ(၈)ရက် ည(၈)နာရီအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ (၁၇၀၉)ဦး ရှိနေပြီ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာတော့ လက်ရှိ Covid-19 ဒုတိယလှိုင်းမှာ ပြည်သူတွေအနေနဲ့ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ တကယ်လို့ ပိုးတွေ့ခဲ့ရင် ဘယ်လိုကြံ့ကြံ့ခံ ရင်ဆိုင်ကြမလဲဆိုတာကို အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာနေဝင်းနဲ့ တွေ့ဆုံမေးမြန်းသွားမှာပါ။

မင်္ဂလာပါ ဆရာ။ သြဂုတ်လလယ်လောက်ကစပြီး ပြည်တွင်းကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာကို တွေ့ရပါတယ်။ ရောဂါကူးစက်မှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ပြည်တွင်းကူးစက်မှုကတော့ သြဂုတ်လလယ်လောက်ကစပြီး Outbreak ဖြစ်နေတာတော့ ရခိုင်ပြည်နယ်ပေါ့လေ။ ရခိုင်မှာ စစ်တွေကနေစပြီး တွေ့တယ်။ မြို့တော်တော်များများကို ပျံ့သွားတယ်။ Covid ကြီးက မဝင်အောင် ကျွန်တော်တို့ မထိန်းနိုင်ဘူး။ ဝင်လာတာကို ကျွန်တော်တို့ မပျံ့အောင်ဘဲ တတ်နိုင်သမျှ ထိန်းရမှာပဲ။ ဒါပေမဲ့ အခုက မပျံ့အောင်ထိန်းတဲ့အဆင့်က ကျော်သွားပြီ။ အဲ့ဒီတော့ လူထုကြားထဲမှာ မြန်မာပြည်ပေါက် ကိုဗစ်ကြီးဖြစ်သွားပြီ။ မြန်မာပြည်မှာပဲ ကိုဗစ်ကြီးက ပျံ့နေပြီ။ အဲ့ဒါကို ပြည်တွင်းကူးစက်မှုလို့လည်း ခေါ်တယ်။ community spread လို့လည်း ခေါ်တယ်။ အဲ့ဒါက မြန်မာပြည်တွင်းမှာကိုပဲ ကိုဗစ်က ရှိနေပြီ။ ပျံ့နေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ အဲ့ဒီတော့ Covid ပျံ့တယ်ဆိုတာက ပထဝီဝင်အနေအထားအရ ပျံ့နိုင်တဲ့ အခြေအနေတွေရှိတာပေါ့။ ရခိုင်ရဲ့ ပထဝီဝင်အနေအထားအရ ပျံ့နိုင်ဖို့ လမ်းများတဲ့ နေရာတွေရှိတယ်။ ရခိုင်ရဲ့ ပထဝီအနေအထားအရဆိုရင် အနောက်တံခါးပေါ့လေ။ အိမ်နီးချင်းနိုင်ငံမှာလည်း အများကြီး ဖြစ်တယ်။ အများကြီးဖြစ်တဲ့ အပြင်ကို၊ အဲ့ဒီနေရာမှာ ဒေသတွင်း တည်ငြိမ်မှုကလည်း နည်းတော့ အဝင်အထွက်တွေရှိခဲ့မယ်။ အဲ့ဒီကနေပြီးတော့မှ Local spread လို့ခေါ်တဲ့ ပြည်တွင်း ကူးစက်ပျံ့ပွားမှုတွေ ဖြစ်လာတယ်လို့ ယူဆရပါတယ်။ တစ်ကမ္ဘာလုံးတောင် ပျံ့တာ ပြည်တွင်းမှာပျံ့ဖို့ဆိုတာ အင်မတန်လွယ်ပါတယ်။

ဒီCovidဒုတိယလှိုင်းမှာဖြစ်တဲ့ ဗိုင်းရပ်စ်က အစောပိုင်းဗိုင်းရပ်စ်ကနေ မျိုးရိုးဗီဇလက္ခဏာ ပြောင်းသွားတယ် လို့ သိရပါတယ်။ အခုလက်ရှိ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇလက္ခဏာကို ရှင်းပြပေးပါ။
ပိုးကောင်ကြီးကို စိတ်ဝင်စားတော့ ဘာအကျိုးရှိလဲပေါ့နော်။ ဒီပိုးကောင်ကြီးက ဗီဇတွေ ပြောင်းသွားတော့ ဘာအကျိုးရှိလဲ။ တကယ်တမ်းတော့ သိပ္ပံဆိုင်ရာ တွေ့ရှိချက်တွေအတွက်တော့ ဒါတွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ လေ့လာစရာလည်း ကောင်းပါတယ်။ ဗိုင်းရပ်စ်ပိုးတိုင်းရဲ့ သဘာဝကတော့ ဗီဇပြောင်းမှာပဲ။ တုပ်ကွေးပိုးလည်း ပြောင်းမှာပဲ။ ဗိုင်းရပ်စ်ရဲ့ သဘာဝကိုက ဗီဇပြောင်းတတ်တယ်။ သူ့သဘာဝအတိုင်း ပြောင်းတာဖြစ်တယ်။ အဲ့ဒီလိုပြောင်းတဲ့အခါမှာ ကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးရှိတယ်။ အခုလောလောဆယ် ဗီဇပြောင်းတယ်လို့သာ နာမည်ကြီးနေတာ။ တကယ်တမ်း ပြောင်းသွားတာ ဖေဖော်ဝါရီ လကုန် မတ်လလောက်ကနေ ပြောင်းခဲ့ပြီးသား။ အခုနောက်ပိုင်း ပျံ့ပွားတဲ့ အကောင်တွေ အကုန်လုံးက ဗီဇပြောင်းတဲ့ အကောင်တွေပဲ။ ကျွန်တော်တို့ဆီရောက်မှ ပြောင်းသွားတာ မဟုတ်ဘူး။ ပြောင်းပြီးသား အကောင်တွေက ကျွန်တော်တို့ ဆီရောက်လာတာ။ နံပါတ်တစ်အနေနဲ့ ကျွန်တော့်အနေနဲ့ပြောရရင် ဗီဇပြောင်းတယ်ဆိုတာ သဘာဝဟုတ်တယ်။ နောက်တစ်ခုကတော့ ဗီဇပြောင်းခြင်းအားဖြင့် ကောင်းကျိုးဆိုးကျိုး နှစ်မျိုးရှိမယ်ဆိုရင် ကျွန်တော်တို့က ကောင်းကျိုးရမှာလား ဆိုးကျိုးရမှာလား ဆိုတာပြောဖို့ စောပါသေးတယ်။ ပိုးကောင်ကို နှစ်မျိုးနဲ့ တိုင်းတယ်။ ပြင်းအား၊ ပျံ့အားဆိုပြီး နှစ်မျိုး ရှိတယ်။ ဗီဇပြောင်းသွားတော့ သူက ပျံ့တဲ့အားတော့ များတယ်။ ပြင်းအားကတော့ လျော့သွားတယ်။ အဲ့ဒီအတွက် ကူးစက်မှုနှုန်းက မြန်မယ်။ သို့သော်လည်း ကူးစက်ခံရတဲ့ သူတွေကတော့ ရောဂါပြင်းထန်မှုနည်းမယ်။ အဲ့လို သတ်မှတ်ကြတယ်။ အကြမ်းဖျင်းကတော့ မှန်နေတာတွေ့တယ်။ ရခိုင်မှာဆိုရင် သတင်းကြားတယ်။ လူနာတစ်ရာမှာ ခုနှစ်ဆယ့်ငါးယောက်က သာမန်လက္ခဏာပဲ။ တချို့ဆိုရင် လက္ခဏာတောင် မပြဘူးတဲ့။ ကြံဖန်ပြီးမေးမှ တစ်ခုနှစ်ခု ခံစားရတာရှိတယ်။ ပြောချင်တာကတော့ ကူးနှုန်းက မြန်နေတာ ပြင်းထန်တဲ့လူနာ တွေ့ရပြီလို့တော့ မကြားသေးဘူး။

အခု ဗီဇပြောင်းဗိုင်းရပ်စ်က ကူးစက်မှုနှုန်း ပိုမြန်တယ်ဆိုတော့ အစောပိုင်းကထက် ဘယ်လောက်ထိ ပိုမြန်လဲ။ ပိုစိုးရိမ်ရလား။
ဓာတ်ခွဲခန်းထဲမှာ စမ်းတော့ ပိုးကောင်ကို လူတို့ရဲ့ဆဲလ်နဲ့ တွေ့ပေးလိုက်တယ်။ ဒီပိုးကောင်က ပျံ့တာ(၁၀)ဆမြန်တယ်။ ဒါပေမဲ့ အဲ့ဒါ ဓာတ်ခွဲခန်းထဲမှာ မြန်တာ။ အပြင်မှာ အဲ့ဒီလောက် မြန်လားမမြန်လား ဆိုတာကတော့ အတိအကျပြောလို့ မရပါဘူး။ နောက်တစ်ချက်အနေနဲ့က အခု နောက်ပေါက်တဲ့ ပိုးကောင်သည် လည်ချောင်း၊ နှာခေါင်းနဲ့ အာခေါင်တစ်ဝိုက်မှာ အများကြီးနေတယ်။ အဆုပ်ကိုတော့ သိပ်မသွားဘူးလို့ ပြောတယ်။ အဲ့ဒီတော့ ဘာဖြစ်လည်းဆိုရင် စကားပြောရင် ထွက်လာမယ်။ ချောင်းဆိုးရင် ထွက်မယ်။ အများကြီးနေတော့ အများကြီးထွက်မယ်။ ကူးတာများမယ်။ အဲ့ဒါကြောင့် ကူးစက်နှုန်းက ပိုများမယ်လို့ ယူဆတယ်။ ပြင်းအားနည်းတော့ ရောဂါ မပြင်းထန်တော့ဘူး။ ပြင်းထန်တယ်ဆိုတာ အဆုပ်ရောင်သွားမှ အပြင်းအထန်ဖြစ်တာ ဒီရောဂါက အဆုပ်မရောင်မချင်း အေးအေးဆေးဆေးပဲ ဘာမှမဖြစ်ဘူး။ အဲ့ဒီတော့ အခုတွေ့ရှိနေတဲ့ ပိုးရဲ့သဘာဝက အဆုပ်ထဲမှာတော့ ရောက်တာနည်းမယ်လို့ ခန့်မှန်းတယ်။
အပေါ်ပိုင်းမှာနေတာ များမယ်လို့ ခန့်မှန်းတယ်။ အဲ့ဒါကြောင့်မို့လို့ပဲ ပျံ့အားများပြီး ပြင်းအားနည်းမယ်လို့ ယူဆကြတာပေါ့။

လက်ရှိ ပိုးတွေ့သူတွေမှာ ရောဂါလက္ခဏာပေါ်တာ သိပ်မတွေ့ရဘူးဆိုတော့ ရောဂါဖြစ်မဖြစ် ဘယ်လို သိနိုင်မလဲ။
ရောဂါလက္ခဏာတွေကတော့ ကျွန်တော် ပြောခဲ့သလိုပဲ။ အခုပိုးတွေ့နေတာတွေက လူနာနဲ့ ထိတွေ့မှုရှိတဲ့ သူတွေကိုတွေ့နေတာပေါ့။ တော်တော်များများက လက္ခဏာ မတွေ့ရဘူး။ ဘာလက္ခဏာတွေပဲ ပြလဲဆိုရင် အနံ့မရတာပဲ။ နှာခေါင်းက အနံ့မရတော့ဘူး။ အဲ့ဒီလက္ခဏာတွေပဲ ရှိတယ်။ လည်ချောင်းယားမယ်။ ချောင်းဆိုးမယ်။ ဖျားမယ်။ ကိုယ်လက် ကိုက်ခဲမယ်။ ဒါတွေက လက္ခဏာတွေပဲ။ ထူးထူးခြားခြားပါတာကတော့ ကိုယ်လက်မအီမသာ ကိုက်ခဲညောင်းညာတာတာတွေ၊ အလွန်အကျွံနုံးတာရယ်၊ အနံ့ပျောက်တာရယ်ပဲ။ ဒီကိုဗစ်က တော်တော်ကို ထူးထူးခြားခြားက အနံ့ပျောက်တာပဲ။ ဒါလေးတစ်ခုကိုတော့ သတိထားစေချင်ပါတယ်။

ကချင်ပြည်နယ်မှာ ပိုးတွေ့လူနာ ပြန်ရှိခဲ့လို့ရှိရင် ချက်ချင်းစီစဉ်ဆောင်ရွက်နိုင်ဖို့ ဆရာတို့အနေနဲ့ ပြင်ဆင်ထားတဲ့ အပိုင်းလေးကိုလည်း သိပါရစေ။
အရင်တုန်းကတော့ ကျွန်တော်တို့က ကိုဗစ်စစ်ဆေးဖို့ ရန်ကုန်ပို့ရတယ်။ မန်းလေးပို့ရတယ်။ အဲ့ဒီလိုဆိုတော့ အရေးပေါ်အခြေအနေမျိုးမှာ အခုပဲစစ်ချင်တယ်ဆိုရင် ခက်တယ်။ ခက်တော့ အဲ့ဒီစစ်ဆေးမှုကို မြစ်ကြီးနားဆေးရုံမှာပဲ စစ်လို့ရအောင် စီစဉ်နေတယ်။ ဓာတ်ခွဲခန်းက ဓာတ်ခွဲပညာရှင်တွေ အတွက် အရေးကြီးပါတယ်။ အဲ့ဒီတော့ လုံခြုံမှုအတွက် စိတ်ချရတဲ့ အခြေအနေစောင့်နေလို့ အချိန်ကြာနေတာပါ။ တပ်ဆင်ပြီးရင်တော့ စိတ်ချရအောင် စီစဉ်ထားပါတယ်။ နောက်တစ်ခုကတော့ ပိုးစစ်ဖို့ test kid လေးရာ ရှိပါတယ်။ တကယ်လို့ ရောဂါဖြစ်လာလို့ရှိရင် ကျွန်တော်တို့ဆီမှာပဲ စစ်မယ်။ နှစ်နာရီအတွင်းမှာ အဖြေထွက်မယ်။ ကုသမှုအပိုင်းကတော့ ကျွန်တော်တို့ ပြင်ဆင်ထားတာ ကုတင် နှစ်ဆယ့်လေးလုံး ရှိပါတယ်။ အဲ့ဒီ နှစ်ဆယ့်လေးလုံးမှာ အောက်ဆီဂျင်ပိုက်တွေနဲ့ ဆက်ထားပြီးသားပါ။ အဲ့ဒီတော့ အသည်းအသန်လူနာကို ကျွန်တော်တို့က လက်ခံကုသလို့ရအောင် စီစဉ်ထားပါတယ်။ ဒါကတော့ ကုသမှုအပိုင်းပေါ့လေ။ နောက်ပြီးတော့ ပီပီအီးတွေလည်း ဂိုဒေါင်ထဲမှာ သုံးထောင့်ငါးရာလောက် အဆင်သင့်ရှိပါတယ်။ မြစ်ကြီးနားမြို့ရဲ့ပမာဏနဲ့ ဆိုရင်တော့ လုံလောက်တဲ့ စုဆောင်းမှုနဲ့ လုံလောက်တဲ့ ပြင်ဆင်မှု ပြုလုပ်ထားပြီလို့တော့ ကျွန်တော်တို့ ယူဆပါတယ်။

ကချင်ပြည်နယ်က ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ ဘယ်လို သတိထား ဆင်ခြင်သင့်ပါသလဲ။
အခုက ပိုသတိထားရမှာပါ။ အရင်တုန်းကတော့ သူများနိုင်ငံကလာတဲ့ သူတွေမှာတွေ့တာ။ အခုက ကိုယ့်နိုင်ငံက လူတွေမှာတွေ့တာ။ အဲ့ဒီတော့ ကျွန်တော့်မှာ ရှိနေပြီလား ကျွန်တော်တောင် မသိဘူး။ ရှိကောင်း ရှိနေနိုင်တယ်။ မြန်မာပြည်ထဲမှာ ပိုးရှိနေပြီဆိုကတည်းကိုက မြန်မာပြည်ထဲမှာရှိတဲ့ လူတွေထဲမှာ လူတိုင်းက ရှိနေနိုင်တယ်လို့ပဲ ခံယူထားတာအကောင်းဆုံးပဲ။ ဒီအချိန်မှာ ကြောက်ရတယ်။ ပိုးသည် ပြည်တွင်းဖြစ် ဖြစ်လာပြီ။ ကိုယ့်တာဝန် ကိုယ်ယူရမယ်။ မိမိကစ ကာကွယ်ပါလို့ပဲ ပြောချင်တယ်။ ကျွန်တော်နားမလည်တာ တစ်ခုရှိတယ်။ ဘာကြောင့်မို့ လူတွေက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အပြုအမူမျိုးတွေကို စွဲစွဲမြဲမြဲ ဘာကြောင့် မလုပ်ကြသေးတာလဲ ဆိုတာပဲ။ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းသည် ကိုယ့်မိသားစုကို ကာကွယ်ခြင်းပဲ။ ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ်ခြင်းပဲ။ ကိုယ့်ပြည်ကို ကာကွယ်ခြင်းပဲ။ ကိုယ့်ကိုယ်ကို မကာကွယ်ဘဲ “ငါဖြစ်ရင် ငါခံမယ်”ဆိုရင် မဟုတ်ဘူး။ ဒီကိုဗစ်ကြီးက “ငါဖြစ် ငါခံ”ကိုဗစ်ကြီး မဟုတ်ဘူး။ လက်ရှိ ပေါ်လစီအရတော့ ကိုယ်ဖြစ်ရင် မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း၊ ရပ်ကွက်ပါ Lock Down ကျတယ်။ အဲ့ဒီတော့ တစ်ယောက်ချင်းစီက ကိုယ့်တာဝန်ကိုယ် ယူနေမှ ကာကွယ်နိုင်မယ်။ ကိုဗစ်ကတော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ရောက်လာမှာပဲ။ အဲ့ဒီလို ရောက်လာရင် ကျွန်တော်တို့တစ်တွေသည် ကိုဗစ်ရဲ့ ဒဏ်ကို ခံရမယ်။ ကိုဗစ်ရဲ့ ဒဏ်ဆိုတာ လူအသေအပျောက်တင်မဟုတ်ဘူး။ လူမှုစီးပွားရေးဒဏ်ကို ပြောတာ။ ကျောင်းတွေ ပြန်ပိတ်လိုက်ရပြန်ပြီ။ ဈေးတွေ ပြန်ပိတ်မယ်ဆိုပြီး လာအုံးမယ်။ အဲ့လို လူမှုစီးပွားရေး ဒဏ်တွေက ကိုဗစ်ရဲ့ ပြဿနာ။ ကိုဗစ်က ပြဿနာမဟုတ်တော့ဘူး။ သူ့နောက်က လာနေတဲ့ လူမှုစီးပွားရေးတွေက ပြဿနာ ဖြစ်လာတယ်။ ရေရှည်ဖြစ်လာတယ်။ အဲ့ဒီတော့ ကျွန်တော် သတိပေးချင်တာကတော့ ကိုယ့်မြို့ထဲမှာ ကိုယ့်ကြောင့်ရောက်လာပြီဆိုရင်၊ နောက်ဆက်တွဲကတော့၊ ကျန်းမာရေး ပြဿနာတင်မဟုတ်ဘဲနဲ့ လူမှုစီးပွားပြဿနာတွေပါ လိုက်လာမှာဖြစ်တဲ့အတွက်၊ ကျေးဇူးပြုပြီးမှ အပြင်ကို တတ်နိုင်သမျှမထွက်ပါနဲ့။ ထွက်ရင်လည်း နှာခေါင်းစည်းမပါဘဲ ထွက်ရင် ရှက်စရာလို့ မှတ်ကြပါ။ ပြန်လာရင်လည်း လက်ဆေးတဲ့ အမူအကျင့်လေး ပြုလုပ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ နှာခေါင်းစည်း မတပ်တာဟာ ရှက်စရာပဲ။ အိမ်ပြန်လာလို့ လက်မဆေးတာဟာ ရိုင်းပြမှုပဲ။ ဒီနှစ်ခုလောက် လုပ်ရင်ကို တော်တော် အဆင်ပြေနေပြီ။ ဒီနှစ်ချက်လေးတော့ လိုက်နာစေချင်ပါပြီ။ အရေးကြီးပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here