ဖေဖော်ဝါရီ၊ ၃
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို ဖွဲ့စည်းပုံ ထပ်တိုးချဲ့လိုက်တယ်လို့ မြန်မာနိုင်ငံပြန်တမ်းအရ သိရပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ မြန်မာနိုင်ငံပြန်တမ်း (အတွဲ ၇၈-အပိုင်း ၁ ) ထဲမှာ အဲဒီအကြောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီပြန်တမ်းထဲမှာ “ပြည်ထောင်စုရွေးကောက်ပွဲမရှင်ရုံး၏ ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်ခြင်း“ ဆိုပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ရက်စွဲနဲ့ အမိန့်ကြော်ငြာစာတစ်စောင်ကို မှတ်တမ်းတင်ထားတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တုန်းကတော့ အဲဒီကြော်ငြာစာကို စစ်ကောင်စီရဲ့ သတင်းစာတွေမှာ မဖော်ပြခဲ့သလို ရွေးကောက်ပွဲကော်မရှင် website ရဲ့ သတင်းကဏ္ဍမှာလည်း မဖော်ပြထားပါဘူး။
ကော်မရှင်ရုံးရဲ့ ဖွဲ့စည်းပုံကိုတိုးချဲ့မှုမှာတော့ ရွေးကောက်ပွဲခုံရုံးဌာနအတွက် စုစုပေါင်း ရာထူး ၂၅ နေရာနဲ့ သုတေသနနဲ့မှတ်တမ်းဌာနအောက်က မဲစာရင်းနဲ့ လျှပ်စစ်မဲပေးစက် (EVM) ဆိုင်ရာဌာနခွဲအတွက် ၂၈ နေရာ စုစုပေါင်း ၅၃ နေရာ တိုးချဲ့လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ဖွဲ့စည်းပုံကို အရာထမ်းရာထူး (အရာရှိ) ၆၂၇ ယောက်၊ အမှုထမ်းရာထူး (ဝန်ထမ်း) ၁၉၈၁ ယောက် စုစုပေါင်း ၂၆၀၈ ယောက်အဖြစ်
နဲ့ တိုးချဲ့ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
အဲဒီလိုတိုးချဲ့ဖွဲ့စည်းမှုကိုတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၈/၂၀၂၄) ရဲ့ သဘောတူညီချက်အရ ပြုလုပ်ခဲ့တာလို့ အမိန့်ကြော်ငြာစာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့တုန်းကတော့ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဆိုပြီး အာဏာသိမ်းကာလ (စစ်ကောင်စီအခေါ် အရေးပေါ်ကာလ) ကို ၆ လ သက်တမ်းတိုးထားပါတယ်။