စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့်ပါတီ ၇၆ ပါတီရှိနေ

13
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ခေါင်းဆောင်ကို မဲပေးစက်နှင့် မဲပေးနည်းအကြောင်း ရွေးကောက်ပွဲကော်မရှင်က ရှင်းပြနေစဉ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ခေါင်းဆောင်ကို မဲပေးစက်နှင့် မဲပေးနည်းအကြောင်း ရွေးကောက်ပွဲကော်မရှင်က ရှင်းပြနေစဉ်။

 

မေ၊ ၉

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်မယ့်ပါတီ ၇၆ ပါတီထိ ရှိလာပြီလို့ စစ်ကောင်စီသတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ဥပဒေအရ အသစ်လျှောက်ထားတဲ့ ပါတီ ၂၆ ပါတီနဲ့ မှတ်ပုံပြန်တင်တဲ့ ပါတီအဟောင်း ၅၀၊ စုစုပေါင်း ၇၆ ပါတီဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ပုံပြန်တင်တဲ့ အထဲမှာတော့ ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီလိုမျိုး စစ်တပ်နဲ့ဆက်နွယ်တဲ့ ပါတီကြီးတွေ ပါဝင်ပါတယ်။

ရွေးကောက်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလထဲမှာ ကျင်းပမယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတာပါ။

ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ငလျင်ကြောင့် ယာယီ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေရဲ့ စာရင်းအချက်အလက်တွေကို သေချာကောက်ယူဖို့လည်း စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ပူတာအိုမြို့တို့မှာ စစ်ကောင်စီက တီထွင်ထားတဲ့ မဲပေးစက်နဲ့ မဲပေးနည်းသင်တန်းကိုပြုလုပ်ခဲ့သလို လက်တွေ့စမ်းသပ် မဲပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတော့ စစ်တပ်နဲ့နီးကပ်တဲ့ ရုရှား၊ တရုတ်လို နိုင်ငံတွေက ကူညီမယ်လို့ ပြောထားပေမဲ့ ဒီမိုကရေစီအရေးကူညီပေးနေတဲ့နိုင်ငံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ကန့်ကွက်ထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here