“မချန်ဆားရ်ရဲ့ မနက်ဖြန်”

220
မချန်ဆားရ်ရဲ့ မနက်ဖြန်

တစ်ပတ်တစ်ကြိမ် ဆေးကုသခံယူနိုင်ဖို့ လိုအပ်တဲ့ကုန်ကျစရိတ်ငွေ မပြည့်မချင်း မချန်ဆားရ်တစ်ယောက် တစ်ရက်မှ စိတ်မအေးနေနိုင်ပါဘူး။

မိသားစုစားဝတ်နေရေးထက် ဆေးကုသဖို့ကိုပဲ ဦးစားပေးနေရတဲ့ သူမရဲ့ဘဝဟာ  အခန်းကျဉ်းလေးထဲမှာနေထိုင်ရင်း တတ်စွမ်းသလောက် ရုန်းကန်နေရတာပါ။

တစ်ပတ်မှာ ကိုးသောင်းလောက်ကုန်တော့ မပြည့်မချင်း ရှာရတာ။” လို့ မချန်ဆားကပြောပါတယ်။

မချန်ဆားရ်ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာက ကဘူဒမ်းစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်တစ်ဦးဖြစ်ပါတယ်။

သူမဟာလက်ရှိအချိန်မှာ နာတာရှည် ကျောက်ကပ်ဝေဒနာအတွက်  ကျောက်ကပ်ဆေးကြောကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

နာတာရှည် ကျောက်ကပ်ဝေဒနာခံစားလာရပြီဆိုရင် တစ်ပတ်မှာ နှစ်ကြိမ်လောက် ကျောက်ကပ်ဆေးကြော ကုသမှုခံယူဖို့ လိုအပ်တာပါ။

ဒါပေမဲ့ ငွေရေးကြေးရေးခက်ခဲတဲ့ သူမအနေနဲ့တော့ ကျောက်ကပ်စဆေးတဲ့ အချိန်ကတည်းကနေ တစ်ပတ် တစ်ကြိမ်သာ ကျောက်ကပ်ဆေးကြောကုသမှု ခံယူခဲ့တာဖြစ်ပြီး အဲဒီတစ်ကြိမ်အတွက် ကျသင့်တဲ့ ကုန်ကျစရိတ်ကိုတောင် မပြည့်မချင်း နည်းလမ်းအမျိုးမျိုးနဲ့ ဖြည့်ဆည်းနေရတာဖြစ်ပါတယ်။

ကျောက်ကပ်ဆေးကြောသန့်စင်ခဟာ တစ်ပတ်ကို တစ်သိန်းလောက်ထိ ကုန်ကျနေတာဖြစ်ပြီး ကိုယ်ချင်းစာလို့ ကူညီပေးတဲ့ အလှူရှင်တွေရှိပေမဲ့ တစ်ခါတလေ ကျောက်ကပ်သန့်စင်ခ မပြည့်ရင် မဆေးဖြစ်တဲ့ရက်တွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူငယ်ချင်းဆီက ချေးလိုက်နဲ့ မပြည့်တဲ့ရက်တွေဆို မဆေးဘူး။” လို့ မချန်ဆားရ်က အခက်အခဲကို ပြောပြပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်းမှာ နာတာရှည်ကျောက်ကပ်သမားတွေ မှီဝဲသောက်သုံးတဲ့ ဆေးဝါးတွေနဲ့ ဖြည့်စွက်အာဟာရတွေက  ဈေးနှုန်းတွေ မြင့်တက်သွားပါတယ်။

ဆေးပစ္စည်းဈေးတွေ မြင့်တက်ကုန်တာကြောင့် အခက်အခဲကြုံတွေ့ရတဲ့အကြောင်း ကျောက်ကပ်ဆေးကုသခံယူနေတဲ့ တခြားသူတွေကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်စုံစမ်းတဲ့ချိန် ပြောဆိုကြပါတယ်။

ဆေးဝါးတွေ ဈေးမြင့်တက်တာနဲ့ ပြတ်လပ်တာတွေထိ ရှိခဲ့တာကြောင့် တခြားအာနိသင်တူတဲ့ ဆေးဝါးတွေ အစားထိုးအသုံးပြုရတာထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပဲ အသက် (၃၁) နှစ်အရွယ် မချန်ဆားရ်ဟာလည်း တစ်ပတ်တစ်ကြိမ် ကျောက်ကပ် မသန့်စင်ရင် မရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ကျောက်ကပ်ဆေးဖို့ပဲ ဦးစားပေးတဲ့အခါကျတော့ သောက်ရမယ့်ဆေးတွေတောင် မဝယ်သောက်သောက်နိုင်ဘူး မဆေးရင်လည်း မရတဲ့အနေအထားဆိုတော့။”

သူမဟာ လေးဘက်နာရောဂါကြောင့် ကျောက်ကပ်ပျက်စီးသွားတာ သုံးနှစ်လောက်ရှိလာပြီး ကျောက်ကပ်ဆေးကြော ကုသမှုခံယူနေရတာကတော့ တစ်နှစ်ကျော်ရှိလာပါပြီ။

ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် ၊ တိန်ကောက်ကျေးရွာ ရဝမ်ကုန်းဇာတိဖြစ်တဲ့ မချန်ဆားရ်ဟာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ရဲ့ တိုက်ပွဲတွေကြောင့် လက်ရှိနေထိုင်နေတဲ့ ကဘူဒမ်းစစ်ရှောင်စခန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက တိမ်းရှောင်လာသူဖြစ်ပါတယ်။

သားသမီး (၃) ဦးအပါအဝင် မိသားစုဝင် ငါးဦးရှိပြီးတော့ အမျိုးသားဖြစ်သူကလည်း သူမကိုပဲ အချိန်ပြည့် ပြုစုနေရတဲ့အတွက် တိန်ကောက်ကျေးရွာဘက်မှာရှိတဲ့ လိမ္မော်ခြံနဲ့ တခြားနေ့စားလုပ်ငန်းတွေလည်း သွားရောက်မလုပ်ကိုင်နိုင်ပါဘူး။

ဒါ့အပြင် အခုနောက်ပိုင်း နေ့စားအလုပ်တွေ ရှားပါးသွားတာကြောင့်လည်း မိသားစုစားဝတ်နေရေးအပြင် ကျောက်ကပ်ဝေဒနာ ကုသဖို့အတွက်ပါ တော်တော်လေးရုန်းကန်နေရတာကို မြင်တွေ့ရတယ်လို့ ကဘူဒမ်း စစ်ရှောင်စခန်း တာဝန်ခံက ဆိုပါတယ်။

“  အမျိုးသမီးက တစ်ချိန်လုံးနေမကောင်းတဲ့အချိန်ကျတော့ နေ့စားလုပ်ငန်းလည်း ဘာမှ လုပ်ကိုင်လို့မရတော့ဘူး။  ဒီတိုင်းပဲ အိမ်မှာ ဖြစ်သလိုရုန်းကန်နေရတဲ့ အနေအထားရှိတယ်။”

စစ်ရှောင်စခန်း အနေနဲ့လည်း ဘာမှကူညီပေးနိုင်တဲ့ အနေအထားမရှိတဲ့အပြင် မိသားစုစားဝတ်နေရေးသာမက ကလေးကျောင်းစရိတ်တွေနဲ့ မချန်ဆားရဲ့ ကျောက်ကပ်ဆေးဖို့ကိစ္စတွေကြား ဘေးကြပ်နံကြပ် ဖြစ်တဲ့အနေအထားရှိကြောင်း ဆိုပါတယ်။

“  ကလေးတောင်မှ ကျောင်းမထားနိုင်လို့ ကလေးတစ်ယောက်က မိဘမဲ့ကျောင်းကို ပို့လိုက်ပြီ။”လို့ မချန်ဆားရ်က လက်ရှိဖြတ်သန်းနေရတဲ့ အခြေအနေကို ပြောပြပါတယ်။

မချန်ဆားရ်ရဲ့ တစ်လအတွင်း ကျောက်ကပ်ဆေးကြော သန့်စင်ခဟာ ကျပ်လေးသိန်းလောက် ကုန်ကျတဲ့အပြင် သောက်သုံးရမယ့် ဆေးဖိုးတွေကလည်း တစ်လမှာ နှစ်သိန်းဝန်းကျင်လောက်ထိ ရှိပါတယ်။

တစ်ပတ်အတွင်း ကျောက်ကပ် တစ်ကြိမ်သန့်စင်ခချည်း ၅၅၀၀၀ (ငါးသောင်းငါးထောင်) လောက်ကုန်ကျပြီးတော့ (၁၅၀၀၀) တစ်သောင်းငါးထောင်လောက်ရှိတဲ့ ကျောက်ကပ်အတုထည့်ရသလို ၃၀၀၀၀( သုံးသောင်း) လောက်ကုန်ကျတဲ့ သွေးအားဆေးလည်း လိုအပ်ပါတယ်။

ပုံမှန်ဝင်ငွေရတဲ့ အလုပ်မျိုးမရှိတဲ့ သူမတို့မိသားစုအတွက်တော့ အဲဒီငွေပမာဏဟာ တော်တော်လေးကို ရုန်းကန်ရတဲ့အနေအထားမို့ အကူအညီတွေလည်း အများကြီးလိုအပ်နေပါတယ်။

ကူညီပေးတဲ့ အလှူရှင်တွေနဲ့ မိတ်ဆွေတွေဆီက အကူအညီတွေ စုပြီးတာတောင်မှာ တစ်ခါတလေ ကျောက်ကပ်တစ်ကြိမ်ဆေးခတောင် ပြည့်မှီအောင်မရရှိခဲ့ပါဘူး။

အဲဒီလို ငွေကြေးအဆင်မပြေလို့ ကျောက်ကပ်သွားမဆေးဘူးဆိုရင် ဆရာမတွေကိုယ်တိုင်လာခေါ်ပြီး ကျောက်ကပ်ဆေးပေးတာတွေ ရှိတယ်လို့တော့ သူမဆိုပါတယ်။

သူမမှာ ကျောက်ကပ်သာမက B ပိုးလည်းရှိနေတာကြောင့် တစ်ခါသုံး ကျောက်ကပ်အတုသာ ထည့်ရပြီးတော့ ကုန်ကျစရိတ် ပိုများနေတာပါ။

ကျောက်ကပ်ပျက်စီးပြီဆိုရင် ကျောက်ကပ်မဖြစ်မနေ ဆေးရတာဖြစ်ပြီး ကျောက်ကပ်မဆေးရင် အစားထိုးကုသခံယူဖို့ တစ်နည်းပဲရှိပါတော့တယ်။

ကျောက်ကပ်အစားထိုးကုသဖို့ဆိုတာလည်း ကုန်ကျစရိတ်တွေ များပြားလွန်းတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ထင်သလောက်မလွယ်ကူလှပါဘူး။

အလုပ်မှာအထိုင်များရင်း ကျောက်ကပ်ပျက်စီးသွားခဲ့တဲ့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်  မဆိုင်းမိုင်ကတော့ ကျောက်ကပ်အစားထိုးကုသမှုခံယူတာက ငွေကြေးများစွာကုန်ကျသလို အလှူရှင်တွေကူညီပေးတာကြောင့်ပဲ အစားထိုးနိုင်ခဲ့တာလို့ ဆိုပါတယ်။

သူ့အနေနဲ့ ကျောက်ကပ်အစားထိုးခံယူနိုင်ဖို့ ထိုင်း ၊ အိန္ဒိယ နိုင်ငံတွေထိ အလှူရှင်တွေအကူအညီနဲ့သာ သွားရောက်ကုသခဲ့ရတာကြောင့် အစားထိုးကုသဖို့ မလွယ်ကူကြောင်းနဲ့ ကျောက်ကပ် ဝေဒနာရှင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာကြောင်း ပြောပါတယ်။

ကျမတို့လို အလုပ်အကိုင်ရှိတဲ့ သူတွေတောင် ဒီရောဂါ ကုသဖို့မလွယ်ပါဘူး။ ဒါက မသေမချင်း ကျောက်ကပ်ဆေးနေရမယ့် ရောဂါပါ။ အစားထိုးဖို့ဆိုရင်လည်း သာမန်ပြည်သူတွေ အနေနဲ့ အလှုရှင်တွေမရှိရင် ဘယ်လိုမှ မဖြစ်နိင်ပါဘူး” လို့ မဆိုင်းမိုင်က ကျောက်ကပ်ဝေဒနာရှင်တစ်ဦးရဲ့ အခက်အခဲကို ရှင်းပြပါတယ်။

မချန်ဆားရ်ဟာ သူမတစ်ယောက်တည်းကြောင့် မိသားစုတစ်စုလုံး ဒုက္ခရောက်ပြီး  အခက်အခဲတွေကြုံတွေ့ရတယ်လို့ စိတ်မကောင်းစွာဆိုပါတယ်။

ဒါ့အပြင် ကျောက်ကပ်အစားထိုးကုသဖို့ဟာလည်း သူမအတွက်တော့ အိပ်မက်တစ်ခုလိုပဲဖြစ်တော့မှာလို့ ဆိုပါတယ်။

သေချင်တယ်။ မြန်မြန်သေရင်လည်းကောင်းတယ်လို့ပဲ တွေးတယ်။”

LEAVE A REPLY

Please enter your comment!
Please enter your name here